COVID-19 ရောဂါဖြစ်ပွားနေမှုကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်မြဝတီကုန်ရေးဇုန်တွင် ကုန်စည်ကူးသန်းဆောင်ရွက်မှာ အကန့်အသတ်များဖြင့်ကုန်သွယ်နေရသည့်အတွက် ပို့ကုန်၊ သွင်းကုန်ပါယခင်နှစ် ကာလတူကထက် လျော့ကျလျက်ရှိကြောင်းသိရသည်။
ဘဏ္ဍာနှစ်သစ်ဖြစ်သော၂ဝ၂ဝပြည့်နှစ် အောက်တိုဘာ ၁ ရက်မှနိုဝင်ဘာ ၆ ရက်အထိ အမေရိကန်ဒေါ်လာ ၆၇ ဒသမ ၃၉၉ သန်းသာကုန်သွယ်နိုင်ခဲ့သည့်အတွက် ယခင်နှစ်ကာလတူက ကုန်သွယ်ခဲ့သည့် အမေရိကန်ဒေါ်လာ ၁၁ဝ ဒသမ ၁၁၆ သန်းနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၃၆ ဒသမ ဝ၁ဝ သန်းထိ ကုန်သွယ်မှုလျော့ကျခဲ့ကြောင်း သိရသည်။ ကုန်သွယ်မှုလျော့ကျရာ၌ ကိုဗစ်ကာလအတွင်းထိုင်းနိုင်ငံဘက်မှာရော မြန်မာနိုင်ငံဘက်မှာပါ ကုန်ပစ္စည်းများကို BCF ဇုန်များတွင်ထပ်ဆင့် ချိန်းပြောင်းနေရ၍ အချိန်ကြာမြင့်မှုများသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်းသိရသည်။
မြဝတီနယ်စပ်မှ ထိုင်းနိုင်ငံဘက်သို့ ကုန်ပစ္စည်းတင်ပို့ရာတွင် ထိုင်းနိုင်ငံအစိုးရက ၎င်းတို့၏နိုင်ငံသားအကျိုးစီးပွားကို ကာကွယ်သည့်အနေဖြင့်အခွန်နှုန်းကို ၇၅ ရာခိုင်နှုန်းအထိမြှင့်ထားသည့်အတွက် မြန်မာ့လယ်ယာထွက်ကုန်ပြောင်းဆံများကို တင်ပို့နိုင်ခြင်းမရှိဘဲ၊ ကြက်သွန်၊ ငရုပ်နှင့် CMP ချုပ်ထည်များ တင်ပို့လျက်ရှိသည်။ ထို့အတူပြည်တွင်း ဈေးကွက်၌ဝယ်လိုအား လျော့ကျနေသော ထိုင်းကုန်စည်များ တင်သွင်းမှုမှာလည်းလျော့ကျလျက်ရှိ ကြောင်း သိရသည်။
COVID-19 အရေးပေါ် ကာလအဖြစ် မတ်လ ၂၁ ရက်မှစတင်၍ချစ်ကြည်ရေးတံတားပေါ်မှ ခရီးသည်သွားလာမှုကို ကန့်သတ်ထားသော်လည်း ကုန်စည်စီးဆင်းမှုမပြတ်တောက်စေရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများနှင့် နယ်စပ်ကုန်သည်များညှိနှိုင်းကာ အမှတ်(၂)ချစ်ကြည်ရေးတံတားမှ ကုန်သွယ်မှုကို ခွင့်ပြုထားသော်လည်းမြန်မာ့လယ်ယာထွက်ကုန် ပြောင်းဆန်များ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့မှုကိုဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ် ၃၁ရက်ထိသာ တင်ပို့ခွင့်ရပြီး ထိုင်းနိုင်ငံအတွင်း ပြောင်းထွက်ချိန်နှင့်တိုက်ဆိုင်သည့်အတွက် နိုင်ငံသားအကျိုးစီးပွားကာကွယ်သည့်အနေဖြင့် အခွန်နှုန်းများမြှင့်ထားခြင်းကြောင့် ယခုအခါပြောင်းဆန်များ တင်ပို့နိုင်ခြင်းမရှိကြောင်းလည်း သိရသည်။
မဟာမဲခေါင်ဒေသတစ်ခုလုံးကိုအကျိုးဖြစ်ထွန်းစေမည့် မြဝတီ-မဲဆောက်အမှတ် (၂) ချစ်ကြည်ရေး ကုန်သွယ်တံတားကို ၂ဝ၁၉ ခုနှစ် အောက်တိုဘာ ၃ဝ ရက်က ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ကုန်သွယ်မှု ပိုမိုမြင့်တက်ခဲ့ပြီး တရားမဝင်ကုန်သွယ်မှုများလည်းလျာ့ကျလာခဲ့သည်။
ယခုအခါ ကိုဗစ်ကာလ အကန့်အသတ်များနှင့်အတူ အမှတ်(၁)တံတားနှင့် သောင်ရင်းမြစ်ဖြတ်ကျော်စက်လှေဂိတ်များ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

















