မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နှင့်ကုန်သွယ်ရေးလမ်းမကြီးဖြစ်သောကလေး-ဖလမ်း-ဟားခါး ကားလမ်းမကြီးကို ဂျပန်နိုင်ငံချေးငွေဖြင့် ရာသီမရွေးသွားလာနိုင်သည့် လမ်းမကြီးအဖြစ်အဆင့်မြှင့်တင်ထားကြောင်း ချင်းပြည်နယ် လမ်းဦးစီဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
''(၂ဝ၁၈-၂ဝ၁၉)ဘဏ္ဍာနှစ်အတွင်းက စတင်ပြီး JICA ODA Loan ဂျပန်နိုင်ငံချေးငွေနှင့် (၁၂၄)မိုင်ရှိတဲ့ ကလေး-ဖလမ်း-ဟားခါးလမ်းမှာ ကလေး-သိုင်းငင်းအပိုင်းကိုကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး မဏိပူရ်မြစ်ကူး တံတား အမှတ်(၂)တံတားအသစ်တစ်စင်းကိုလည်း တည်ဆောက်ခဲ့ပါတယ်။ အခု ၂ဝ၂ဝ ပြည့်နှစ်အတွင်းမှာတော့ ဖလမ်း-ဟားခါးမြို့တွင်းလမ်း A/CRoad7 ၄ မိုင်အတက်အဆင်းလမ်းနေရာမှာ ကွန်ကရက်လမ်းအဖြစ် ၃/၆ မိုင်နှင့် ကတ္တရာလမ်း၁ဝ၃/၇မိုင်အထိ တိုးမြင့်ဆောင်ရွက်နိုင်ခဲ့ပါတယ်''ဟုယင်းကပြောသည်။
ချင်းပြည်နယ်၏ အဓိကမိန်းလမ်းမကြီးတစ်ခုဖြစ်သော ကလေး-ဖလမ်း-ဟားခါး ကားလမ်း ရာသီမရွေးသွားလာနိုင်သည့်လမ်းအဖြစ် တိုးမြှင့်ဆောင်ရွက်မှုလုပ်ငန်းများကို ချင်းပြည်နယ် ဟားခါးနှင့် ဖလမ်းခရိုင် လမ်းဦးစီးဌာနများ၊ လမ်းတံတားအထူးအဖွဲ့များ၊တင်ဒါရနိုင်ငံသားလုပ်ငန်းရှင်ကုမ္ပဏီအဖွဲ့များက ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုရန်ပုံငွေနှင့်လည်းကောင်း၊ ချင်းပြည်နယ်အစိုးရရန်ပုံငွေနှင့်လည်းကောင်း၊ လမ်းတံတားများကောင်းမွန်ရေး ပြုပြင်ထိန်းသိမ်းရေးတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
''ကျွန်တော်တို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ကလေး-ဖလမ်း-ဟားခါးလမ်းဆိုတာ လမ်းမှာ ညအိပ်သွားရတဲ့ခရီးပါ။ မိုးရာသီတောင်ပြိုလမ်းပိတ်နေပြီဆိုရင်တော့ ကလေး-ဖလမ်း-ဟားခါး ခရီးကို တစ်ပတ်ဆယ်ရက် သွားလာကြရတယ်။ အသွားအလာခက်ခဲတဲ့အတွက် ဟားခါး-ဖလမ်းဆိုတာ စားသောက်ကုန်စည် ဈေးကြီးတဲ့နေရာဖြစ်သလို သွားချင်လာချင်တဲ့သူလည်း မရှိဘူး၊ အခုတော့ ကလေး-ဖလမ်း နေ့ချင်းပြန်သွားလို့ရနေပြီ၊နေ့စဉ်ဈေးသည်တွေ ဖလမ်း၊ ဟားခါးကိုဈေးရောင်းသွားလာနေကြပြီ၊ လမ်းကလည်း ကတ္တရာလမ်းဆိုတော့ ရာသီမရွေး သွားလာလို့ရတဲ့အတွက် ချင်းတောင်ထွက် အသီးအနှံတွေလည်းဈေးကွက်ရှိတဲ့နေရာကို လွယ်လင့်တကူပို့ဆောင်ရောင်းချနေကြတယ်''ဟုဖလမ်းမြို့ဒေသခံ ဦးပါသဲက ပြောသည်။
















