မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊သိပ္ပံလမ်းနှင့် ၇၃ လမ်းထောင့်ရှိ ဂရိတ်ဝေါကုမ္ပဏီလီမိတက်၏ တစ်သျှူး ကာချာမျိုးပွားအလုပ်ရုံအတွင်းရှိ စိုက်ခင်းများတွင် မွေးမြူရေးအစားအစာ အဲဗားဂရင်းနေဗီယာမြက်နှင့် အကြီးမြန် ပြည်လုံးချမ်းသာသစ်တော ရောနှောစိုက်ခင်းကိုသုတေသနပြု စမ်းသပ်စိုက်ပျိုးလျက်ရှိရာအောင်မြင်မှုရရှိသဖြင့် တောင်သူများအတွက် အပင်မျိုးများနှင့် စိုက်ပျိုးပုံနည်းစနစ်ကို ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်သူများနှင့် မွေးမြူရေးသမားများ ဝင်ငွေတိုးတက်၍ လူနေမှုဘဝစီးပွားများတိုးတက်မြင့်မားစေရန် ရည်ရွယ်ချက်ဖြင့် သုတေသနပြုစိုက်ပျိုးရခြင်းဖြစ်ပြီး လက်ရှိတွင်စိုက်ခင်းအတွင်းရှိအဲဗားဂရင်း နေဗီယာမြက်များကိုစတင်ရိတ်သိမ်းနေပြီဖြစ်ကာ ပြည်လုံးချမ်းသာသစ်ပင်များသည်လည်း သစ်မာနီးပါးအရည်အသွေးရှိသောကြောင့်ပရိဘောဂပစ္စည်းများအဖြစ် အသုံးပြုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ဂရိတ်ဝေါလ်ဝေလ်မာဟိုးလ်ဒင်းစ်လီမိတက်မှ ဥက္ကဌဦးတင်မောင်က ပြောသည်။
''ရောနှောစိုက်ခင်းကို သုတေသနပြုနိုင်ဖို့အတွက် အဲဗားဂရင်းမြက်ကိုဒီနှစ် ၉ လပိုင်းမှာ စိုက်ပြီးတာနဲ့ ပြည်လုံးချမ်းသာသစ်ပင်ကို ၁ဝ လပိုင်းမှာ ထပ်မံစိုက်ပျိုးခဲ့တာဖြစ်ပြီး လက်ရှိတွေ့ရှိချက်အရတော့ ဒီလိုစိုက်ပျိုးခြင်းအားဖြင့်အပင်တွေရဲ့ ဖြစ်ထွန်းမှုကို ထိခိုက်တာမျိုးမတွေ့ရပဲ ၈ ပေ အမြင့်တောင်ရှိတဲ့မြက်တွေကို နိုဝင်ဘာ၂ဝ ရက်ကနေစတင်ရိတ်သိမ်းနေပါပြီ။အဲဗားဂရင်းမြက်အမျိုးအစားဟာဆိုရင် မြေမရွေးစိုက်ပျိုးနိုင်ပြီး အထူးသဖြင့်တော့ အပူပိုင်းဒေသတွေမှာ ပိုမိုဖြစ်ထွန်းသလိုလေဒဏ်ကိုလည်း ခံနိုင်ရည်ရှိပါတယ်။သက်တမ်းဟာ ၁၅ နှစ်ရှိလို့ ခဏခဏစိုက်ပျိုးစရာမလိုဘဲ တစ်လခွဲ တစ်ကြိမ်၊နှစ်လတစ်ကြိမ် တောက်လျှောက်ရိတ်သိမ်းသွားရုံပါပဲ။ မူလတုန်းကတော့လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ စမ်းသပ်စိုက်ပျိုးခဲ့တာဖြစ်ပေမယ့် ပရိုတိန်းအသားဓာတ် ပါဝင်မှုနှုန်းများတဲ့အတွက်မွေးမြူရေးအစားအစာအနေနဲ့ ဆိတ်၊သိုးနဲ့ နွားစာအဖြစ် အသုံးပြုနိုင်တာကြောင့် တောင်သူတွေဟာ မွေးမြူရေးလုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင်ခြင်းအားဖြင့် ဝင်ငွေပိုမိုတိုးတက်လာစေမှာအသေအချာပါပဲ''ဟု ၎င်းကပြောသည်။
အဲဗားဂရင်း နေဗီယာမြက်ကိုတစ်ဧကတွင်စိုက်ပျိုးပါက တစ်နှစ်လျှင်အစိုတန်ချိန် ၁၂ဝ ထွက်ရှိရာ နွား ၁၈ကောင်အတွက် တစ်နှစ်စာ မွေးမြူရေးအစာအဖြစ်လည်းကောင်း၊ ဆိတ်ကောင်ရေ ၂၄ဝ အတွက် တစ်နှစ်စာ မွေးမြူရေးအစာအဖြစ်လည်းကောင်း ကျွေးမွေးနိုင်မည်ဖြစ်ပြီး သုတေသနပြုချက်အရနွားများတွင် တစ်ရက်လျှင် အသားတိုးအလေးချိန် ၁ ဒသမ ဝ၅ ကီလိုနှင့်ဆိတ်များတွင် တစ်ရက်လျှင် အသားတိုးအလေးချိန် ဝ ဒသမ ၁၇ ကီလို တိုးတက်လာသည်ကို တွေ့ရှိရကြောင်းသိရသည်။ မွေးမြူရေးလုပ်ငန်းများ၌ပုံမှန်ကျွေး မွေးနေကြသည့် ကောက်ရိုးတွင် ပရိုတိန်းဓာတ် ၃ ဒသမ ၂ ရာခိုင်နှုန်းသာပါဝင်သော်လည်း အဲဗားဂရင်းမြက်တွင် ပရိုတိန်းဓာတ် ၁၄ ရာခိုင်နှုန်းနီးပါး ပါဝင်နေသောကြောင့် တစ်ဧကအတွက် မြက်ပရိုတိန်းစနစ်မှ အသားပရိုတိန်းစနစ်သို့ ပြောင်းလဲခြင်းဖြင့်စပါး(သို့) ကောက်ပဲသီးနှံဧက ၁ဝဝ စိုက်ပျိုးသည့်ဝင်ငွေနှင့် ညီမျှစေကာမြက်ချဉ်ဖတ်ထုတ်လုပ်၍လည်း နယ်ဝေးသို့တင်ပို့နိုင်ပြီး တစ်နှစ်ပတ်လုံး အသုံးပြုနိုင်ကြောင်း သုတေသနပြုချက်တွင်ဖော်ပြထားသည်။
''အဲဗားဂရင်းမြက်ကို မွေးမြူရေးအစားအစာအဖြစ် အသုံးပြုပြီးတော့ဆိတ်နဲ့နွားတို့ကို ခြံလှောင်စနစ်နဲ့စမ်းသပ်မွေးမြူကြည့်တဲ့အခါ ဆိတ်ကောင်ရေ ၂၄ဝ ဆိုရင် ရက်ပေါင်း ၁၅ဝ မှာ အသားတင်ဝင်ငွေ ကျပ်သိန်း ၂ဝဝ ကျော်နဲ့ နွား ၁၈ ကောင်ဆိုရင်တစ်နှစ်မှာ အသားတင်ဝင်ငွေ ကျပ်သိန်း ၁၈ဝ ကျော် ရရှိနိုင်တာကြောင့်စိုက်ပျိုးရေးနဲ့အတူ မွေးမြူရေးလုပ်ကိုင်ဖို့စိတ်ဝင်စားတဲ့တောင်သူတွေအနေနဲ့လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်''ဟု ဦးတင်မောင်ကပြောသည်။
အကြီးမြန်သည့် ပြည်လုံးချမ်းသာသစ်ပင်များကို တစ်ဧကလျှင်အပင်ရေ ၃ဝဝ အထိ စိုက်ပျိုးနိုင်ပြီး သဘာဝမြေသြဇာ စနစ်တကျထည့်သွင်းပြုစုပါက ၇ နှစ်အကြာ၌ လုံးပတ်လက်မ ၅ဝကျော်အထိရှိကာ ရောနှောစိုက်ပျိုးခြင်းအားဖြင့် ကာလတို၊ ကာလရှည်ဝင်ငွေများကို ရရှိစေနိုင်မည်ဖြစ်ကြောင်းသိရသည်။

















