ဗြိတိန်ပြည်ထဲရေးဝန်ကြီး လက်အောက်ငယ်သားများကို အနိုင်ကျင့်ခဲ့ကြောင်း အစီရင်ခံစာဖော်ပြ

ဗြိတိန်ပြည်ထဲရေးဝန်ကြီး လက်အောက်ငယ်သားများကို အနိုင်ကျင့်ခဲ့ကြောင်း အစီရင်ခံစာဖော်ပြ

လန်ဒန် နိုဝင်ဘာ ၂၂ - ဗြိတိန်ပြည်ထဲရေးဝန်ကြီး ပရီတီပေတယ်သည် လက်အောက်ငယ်သားဝန်ထမ်းများအား အနိုင်ကျင်ခဲ့ကြောင်း လွတ်လပ်ပြီး အမှီအခိုကင်းသည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။

သို့သော် ပြည်ထဲရေးဝန်ကြီး ပရီတီပေတယ်သည် လက်အောက်ငယ်သားများကို အော်ဟစ်ခြင်း၊ ဆဲဆိုခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် ဝန်ကြီးဆိုင်ရာကျင့်ဝတ်ကို ချိုးဖောက်ခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သော်လည်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ပေတယ်ဘက်မှ ခုခံပြောဆိုခဲ့သည်။ အစီရင်ခံစာရေးသားသူဖြစ်သလို အစိုးရ၏ ကျင့်ကြံမှုထုံးနည်းဆိုင်ရာ အကြံပေးလည်းဖြစ်သည့် အဲလက်စ်အယ်လန်သည်လည်း ရာထူးမှနုတ်ထွက်ခဲ့သည်။

ပေတယ်၏အပြုအမူများသည် အနိုင်ကျင့်ပုံရကြောင်း ရေးသားဖော်ပြခြင်းမပြုရန် ဂျွန်ဆင်သည် အယ်လန်ကို တောင်းဆိုခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ကြောင်း the Times သတင်းစာနှင့် ဘီဘီစီတို့က ဖော်ပြခဲ့သည်။ ဂျွန်ဆင်သည် အစီရင်ခံစာကို ဖတ်ရှုခဲ့သော်လည်း အဲလက်စ်၏တွေ့ရှိမှုများကို သက်သေအထောက်အထား မခိုင်လုံဟုဆိုကာ ပယ်ချခဲ့ကြောင်း the Times က အစိုးရအဖွဲ့ဝင်တစ်ဦး၏ ပြောဆိုမှုကို ကိုးကားဖော်ပြခဲ့သည်။ ဝန်ကြီးချုပ် ဂျွန်ဆင်သည် အဲလက်စ်နှင့်တွေ့ဆုံပြီး အစီရင်ခံစာပါ အလေးအနက်ဖြစ်မှုသဘောကို လျှော့ချပေးရန် တောင်းဆိုခဲ့သော်လည်း အဲလက်စ်က ငြင်းပယ်ခဲ့ကြောင်း သတင်းစာက ဆက်လက်ဖော်ပြခဲ့သည်။

အစီရင်ခံစာသည် အဲလက်စ်အယ်လန်၏ အတွေးအမြင်ကိုသာ ကိုယ်စားပြုနေကြောင်း၊ ဝန်ကြီးချုပ်သည် ဆာအဲလက်စ်အယ်လန်ကို ပိုမိုနားလည်ရေးအားထုတ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်ကာ ကောက်ချက်များမှာ ဆာအဲလက်စ်၏ ကိုယ်ပိုင်ကောက်ချက်များသာဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး၏ ပြောခွင့်ရှိသူက ပြောဆိုခဲ့သည်။

ပေတယ်သည်လည်း ၎င်း၏အပြုအမူအတွက် တောင်းပန်ခဲ့သည်။ ပေတယ်သည် ဝန်ကြီးဆိုင်ရာကျင့်ဝတ်ကို ချိုးဖောက်ခြင်းမပြုဟု ယုံကြည်ထားသည့် ဂျွန်ဆင်ကလည်း ပြည်ထဲရေးဝန်ကြီးအပေါ် ယုံကြည်မှုအပြည့်ရှိကြောင်း ပြောဆိုခဲ့သည်။

အစိုးရထိပ်တန်းအကြံပေး ဒေါမနစ်ကမ်းမင်းစ် လွန်ခဲ့သောအပတ်တွင် နုတ်ထွက်ခဲ့ပြီးနောက် အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းနေသည့် ဂျွန်ဆင်အတွက်လည်း အခက်ကြုံနေရပြီဖြစ်သည်။ ဂျွန်ဆင်သည် COVID-19 တိုက်ဖျက်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း ဝေဖန်မှုများလည်းရှိနေသည်။