ဝါရှင်တန် နိုဝင်ဘာ ၂၂ - အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား COVID-19 ကုသပေးရာတွင် အသုံးပြုခဲ့သည့် ကုထုံးများအနက် တစ်ခုဖြစ်သည့် Regeneron ဆေးဝါးကုမ္ပဏီထုတ် ပဋိပစ္စည်းကုထုံးကို အရေးပေါ်အသုံးပြုခွင့်ပေးကြောင်း အမေရိကန် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးဌာန(FDA) က နိုဝင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
COVID-19 ကူးစက်ခံထားရပြီး ရောဂါအခြေအနေအသင့်အတင့်မှ ဆိုးရွားသည့်အခြေအနေသို့ ဆိုက်ရောက်ရန် ဦးတည်နေသည့် အရွယ်ရောက်ပြီးသူများအား ပဋိပစ္စည်းကုထုံး၊ casirivimab၊ imdevimab ဆေးများကို ပေါင်းစပ်ကာ ကုသပေးရန် FDA က ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ရောဂါအခံရှိသည့် အသက် ၆၅ နှစ်နှင့် အထက် လူကြီးများကိုလည်း ယင်းကုထုံးဖြင့် ကုသခွင့်ရမည်ဖြစ်သည်။
ပဋိပစ္စည်းကုထုံးဖြင့် ကုသခွင့်ရရှိမည်ဖြစ်သောကြောင့် ပြင်ပလူနာများ ဆေးရုံတင်ကုသမှုခံယူမှုကို ရောင်ရှားနိုင်မည်ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်လည်း ဝန်ပေါ့သွားမည်ဖြစ်ကြောင်း FDA ကော်မရှင်နာ စတီဖင်ဟန်းက ပြောဆိုခဲ့သည်။
အသက်ရှူအကူစက်ဖြင့်နေထိုင်နေရသည့် COVID-19 လူနာများကိုမူ ပဋိပစ္စည်းကုထုံးဖြင့် ကုသခွင့်ပေးမည်မဟုတ်ကြောင်း FDA က ပြောဆိုခဲ့သည်။ Casirivimab နှင့် imdevimab ဆေးများသည် COVID-19 ဖြင့် ဆေးရုံတင်ကုသမှုခံယူနေရသည့် လူနာများအပေါ် သက်ရောက်မှုရှိကြောင်း အထောက်အထားမရှိသေးချေ။

















