ဂွါတီမာလာစီးတီး နိုဝင်ဘာ ၂၂ - ဂွါတီမာလာသမ္မတ အလက်ယန်ဒရိုဂီယမ်မတ်တေနှင့် လွှတ်တော်တို့က ပညာရေးနှင့် ကျန်းမာရေးအသုံးစရိတ်ကို လျှော့ချမှုပါဝင်သည့် အသုံးစရိတ်ဆိုင်ရာဥပဒေကြမ်းကို အတည်ပြုလိုက်ခြင်းအား ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် နိုဝင်ဘာ ၂၁ ရက်တွင် မြို့တော် ဂွါတီမာလာစီးတီး၌ ဆန္ဒပြသူရာပေါင်းများစွာသည် လွှတ်တော်အဆောက်အအုံတွင်း ဝင်ရောက်ပြီး ရုံးခန်းများကို မီးရှို့ဖျက်ဆီးခဲ့သည်။
အစိုးရအဖွဲ့၏အကျင့်ပျက်မှုများနှင့် အသုံးစရိတ်တို့နှင့်ပတ်သက်၍ မြို့တော်၌ လူ ၁၀၀၀၀ ခန့် ဆန္ဒထုတ်ဖော်နေစဉ် လွှတ်တော်အဆောက်အအုံတွင်း ဆန္ဒပြသူတချို့ဝင်ရောက်ကာ မီးရှို့ခဲ့ကြခြင်းဖြစ်သည်။ လွှတ်တော်အဆောက်အအုံတွင်း မီးလောင်ကျွမ်းနေပြီး ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲနေပုံများအား ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များကို လူမှုမီဒီယာတွင် မြင်တွေ့ရမည်ဖြစ်သည်။
ဆင်းရဲမွဲတေမှု၊ မတရားမှု၊ ပြည်သူပိုင်ငွေကို ခိုးယူမှုများနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်နေကြခြင်းဖြစ်ကြောင်း စိတ်ပညာပါမောက္ခ ရိုဆာဒီချာဗာရီယာက ပြောဆိုခဲ့သည်။ လွှတ်တော်အဆောက်အအုံ မည်မျှထိခိုက်ပျက်စီးသည်ကို မသိရသေးချေ။ သို့သော် လွှတ်တော်အမတ်များ၏ရုံးခန်းများ မီးလောင်ခံခဲ့ရသော်လည်း အစည်းအဝေးခန်းမ ထိခိုက်မှုမရှိကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
ဂီယမ်မတ်တေက မီးရှို့မှုကို ရှုတ်ချပြောဆိုခဲ့သည်။ ရာဇဝတ်မှုတွင်ပါဝင်သူ မည်သူကိုမဆို ဥပဒေနှင့်အညီ အပြစ်ပေးမည်ဖြစ်ကြောင်း၊ ပြည်သူများသည် ဆန္ဒပြခွင့်ရှိသော်လည်း ပြည်သူပိုင်ပစ္စည်းကို ဖျက်ဆီးခွင့်မရှိကြောင်း ဂီယမ်မတ်တေက တွစ်တာ၌ ရေးသားခဲ့သည်။
ဥပဒေပြုအမတ်များသည် ၎င်းတို့စားသောက်စရိတ်အတွက် ဒေါ်လာ ၆၅၀၀၀ ကို အတည်ပြုခဲ့သော်လည်း COVID-19 လူနာများအတွက် ဆေးကုသစရိတ်နှင့် လူ့အခွင့်အရေးဌာနများအတွက် အသုံးစရိတ်တို့ကိုမူ လျှော့ချခဲ့သည်။
ဒုတိယသမ္မတ ဂူလာမိုကက်စတီလိုက နုတ်ထွက်မည်ဖြစ်ကြောင်း ပြောဆိုထားပြီး နိုင်ငံအကျိုးအတွက် ဂီယမ်မတ်တီလည်း နုတ်ထွက်သင့်ကြောင်း တိုက်တွန်းထားသည်။ အမတ်များအတည်ပြုထားသည့် ဥပဒေကြမ်းကို သမ္မတလုပ်ပိုင်ခွင့်ဗီတိုအာဏာဖြင့် ပယ်ချသင့်ပြီး အကျင့်ပျက်မှုကျူးလွန်သည့် အစိုးရအရာရှိများအား ဖယ်ရှားသင့်ကြောင်း ကက်စတီလိုက တိုက်တွန်းထားသည်။

















