ထရမ့် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့၏ တရားစွဲဆိုမှုကို ပင်ဆီဗေးနီးယားပြည်နယ်ရှိ တရားသူကြီး ပယ်ချ

ထရမ့် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့၏ တရားစွဲဆိုမှုကို ပင်ဆီဗေးနီးယားပြည်နယ်ရှိ တရားသူကြီး ပယ်ချ

ဝါရှင်တန် နိုဝင်ဘာ ၂၂ - အမေရိကန်ပြည်ထောင်စုရှိ ရွေးကောက်ပွဲအရ ယှဉ်ပြိုင်မှုပြင်းထန်သော ပြည်နယ်တစ်ခုဖြစ်သည့် ပင်ဆီဗေးနီးယားရှိ စာတိုက်မှတစ်ဆင့်ပေးပို့သော မဲသန်းပေါင်းများကို ပယ်မဲအဖြစ်သတ်မှတ်ပေးရန် သမ္မတဒေါ်နယ်ထရမ့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က ဥပဒေကြောင်းအရ လျှောက်ထားမှုကို တရားသူကြီးတစ်ဦးက နိုဝင်ဘာ ၂၁ ရက်တွင် ပယ်ချခဲ့သည်။

မသမာမှုများရှိခဲ့သည်ဆိုသည့် စွဲချက်များအပေါ် အခြေခံသည့် တရားစွဲဆိုမှုသည် အခြေအမြစ်မရှိကြောင်း တရားသူကြီး မက်သယူးဘရန်က ပြောဆိုခဲ့သည်။ ပင်ဆီဗေးနီးယား၌ ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း ဂျိုးဘိုင်ဒင်သည် ထရမ့်ထက် ဆန္ဒမဲ ၈၀၀၀၀ ကျော် ပိုမိုရရှိခဲ့သည်။ ပြည်နယ်ရွေးကောက်ပွဲအရာရှိများသည် ဘိုင်ဒင်အနိုင်ရရှိမှုကို လာမည့်အပတ်တွင် အတည်ပြုမည်ဖြစ်သည်။

သမ္မတထရမ့်သည် ရွေးကောက်ပွဲရှုံးနိမ့်ကြောင်းကို လက်မခံသေးဘဲ မသမာမှုများရှိခဲ့သည်ဟု အထောက်အထားမရှိပြောဆိုကာ အချိန်ဆွဲလျက်ရှိနေသည်။ ဘိုင်ဒင်သည် သမ္မတရွေးချယ်ခွင့်ရှိသူများ၏မဲ ၃၀၂ မဲကိုရရှိထားပြီး ထရမ့်သည် ၂၃၂ မဲကိုရရှိထားသည်။ ရွေးချယ်ခွင့်ရှိသူများ၏မဲ ၂၇၀ ကျော်ကိုရရှိလျှင် သမ္မတရွေးကောက်ပွဲအနိုင်ရရှိပြီဖြစ်သည်။

သမ္မတထရမ့် အလျှော့ပေးရန်တောင်းဆိုသည့် ရီပတ်ဘလီကန်အမတ်များစွာ မရှိသေးသော်လည်း ပင်ဆီဗေးနီးယားရှိ ရီပတ်ဘလီကန်အထက်လွှတ်တော်အမတ် ပတ်တူးမေက မစ္စတာထရမ့်သည် ပြည်နယ်တွင်း ဥပဒေကြောင်းအရ လုပ်ပိုင်ခွင့်ရှိသည်အားလုံးကို လုပ်ဆောင်ခဲ့ပြီးဖြစ်သောကြောင့် ရလဒ်ကိုလက်ခံသင့်ကြောင်း တိုက်တွန်းခဲ့သည်။

ဂျော်ဂျီယာပြည်နယ်ရှိ ဆန္ဒမဲများကို လက်ဖြင့်ပြန်လည်ရေတွက်ပြီးနောက် ဘိုင်ဒင်အနိုင်ရရှိကြောင်း ကြေညာခဲ့ပြီး တစ်ရက်အကြာတွင် ထရမ့်ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့သည် ဂျော်ဂျီယာ၌ မဲများကို ပြန်လည်ရေတွက်ပေးရန် တောင်းဆိုခဲ့သည်။ ဘိုင်ဒင်အနိုင်ရရှိသည့် မစ်ရှီဂန်ပြည်နယ်၌လည်း ရီပတ်ဘလီကန်အစိုးရအရာရှိများသည် ရလဒ်များအတည်ပြုမှုကို ရက်သတ္တပတ်နှစ်ပတ် ရွှေ့ဆိုင်းပေးရန် ပြည်နယ်ရွေးကောက်ပွဲဘုတ်အဖွဲ့အား တောင်းဆိုထားသည်။ ဝစ္စကွန်ဆင်ပြည်နယ်၌လည်း ထရမ့်ထောက်ခံသူများသည် မဲများပြန်လည်ရေတွက်မှုကို အနှောင့်အယှက်ပေးနေကြောင်း ရွေးကောက်ပွဲအရာရှိများက စွပ်စွဲပြောဆိုခဲ့သည်။