ဖရန့်ဖွတ် နိုဝင်ဘာ ၂၂ - အစိုးရများအား COVID-19 ကာကွယ်ဆေး တစ်ကြိမ်ထိုးပမာဏကို ၂၅ မှ ၃၇ ဒေါ်လာကြား ရောင်းချမည်ဖြစ်ကြောင်း Moderna ဆေးဝါးကုမ္ပဏီ၏ အမှုဆောင်အရာရှိ စတီဖနီဘန်ကယ်က ဂျာမန်အပတ်စဉ်ထုတ် Welt am Sonntag သို့ နိုဝင်ဘာ ၂၁ ရက်တွင် ပြောဆိုခဲ့သည်။
ယင်းကြောင့် COVID-19 ကာကွယ်ဆေးသည် တုပ်ကွေးကာကွယ်ဆေးကဲ့သို့ပင် ၁၀ ဒေါ်လာမှ ဒေါ်လာ ၅၀ ကြားသာ ကျသင့်မည်ဖြစ်ကြောင်း ဘန်ကယ်က ပြောဆိုခဲ့သည်။ Moderna ထုတ် COVID-19 ကာကွယ်ဆေး သန်းပေါင်းများစွာကို ဝယ်ယူရန်ရှိနေပြီး တစ်ကြိမ်ထိုးပမာဏကို ၂၅ ဒေါ်လာအောက် ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန် ဆွေးနွေးနေကြောင်း ဥရောပကော်မရှင်အရာရှိတစ်ဦးက ပြောဆိုခဲ့သည်။
၎င်းတို့ထုတ်လုပ်ထားသည့် COVID-19 ကာကွယ်ဆေးသည် ၉၄ ဒသမ ၅ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း Moderna က ပြောဆိုထားပြီးဖြစ်သည်။ Pfizer နှင့် လုပ်ငန်းတွဲဖက် BioNTech တို့ကလည်း ၎င်းတို့ထုတ် COVID-19 ကာကွယ်ဆေးသည်လည်း အလားတူထိရောက်မှုရှိကြောင်း ပြောဆိုထားသည်။

















