အမေရိကန်ပြည်ထောင်စု၌ COVID-19 ကူးစက်သူ ၁၂ သန်းကျော်ရှိ

အမေရိကန်ပြည်ထောင်စု၌ COVID-19 ကူးစက်သူ ၁၂ သန်းကျော်ရှိ

ဝါရှင်တန် နိုဝင်ဘာ ၂၂ - အမေရိကန်ပြည်ထောင်စု၌ ကျေးဇူးတော်နေ့အားလပ်ရက်များအတွင်း ခရီးသွားမှုများကြောင့် COVID-19 ကူးစက်သူဦးရေ အဆမတန်မြင့်တက်လာနိုင်ကြောင်း သတိပေးမှုများရှိနေချိန်တွင် နိုင်ငံတွင်း နိုဝင်ဘာ ၁၂ ရက်အထိ COVID-19 ကူးစက်သူ ၁၂ သန်းကျော်ရှိသွားပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာန၏ စာရင်းအင်းများအရသိရသည်။

အမေရိကန်ပြည်ထောင်စု၌ COVID-19 ကူးစက်သူ ၁၂၀၁၀၀၀၀ ကျော်ရှိနေကြောင်း ရိုက်တာက ဖော်ပြခဲ့သည်။ အမေရိကန်ပြည်ထောင်စု၌ COVID-19 ဖြင့်သေဆုံးသူ ၂၅၅၀၀၀ ကျော်ရှိနေပြီဖြစ်သည်။ မကြာသေးမီရက်များအတွင်း နေ့စဉ် COVID-19 ကူးစက်သူသစ် စံချိန်တင်ရှိခဲ့ပြီးနောက် ပြည်နယ် ၂၀ ကျော်တို့၌ ယခုလအတွင်း ကူးသန်းသွားလာမှုပိတ်ပင်ချက်သစ်များကို ချမှတ်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု၌ ကူးစက်မှုနှုန်းမြန်ဆန်နေပြီး လွန်ခဲ့သော ခြောက်ရက်အတွင်း ကူးစက်သူသစ် တစ်သန်းကျော်ရှိခဲ့သည်။ ကူးစက်သူသစ် ၁၀ သန်းမှ ၁၁ သန်းပြည့်ရန် ရှစ်ရက်ကြာမြင့်ခဲ့ပြီး ကူးစက်သူ ကိုးသန်းမှ ၁၀ သန်းပြည့်ရန် ၁၀ ရက် ကြာမြင့်ခဲ့သည်။

နိုဝင်ဘာ ၂၀ ရက်တွင် အမေရိကန်ပြည်ထောင်စုရှိ လေဆိပ်များမှတစ်ဆင့် လူတစ်သန်းကျော် ခရီးသွားခဲ့သောကြောင့် ကူးစက်မှုနှုန်းမြင့်မားလာမည်ကို စိုးရိမ်မှုများရှိနေသည်။ အမေရိကန်ပြည်ထောင်စု၌ နိုဝင်ဘာ ၂၀ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၉၆၈၁၅ ဦးဖြင့် စံချိန်တင်ခဲ့သည်။

ရီလွင် ဘာသာပြန်သည်။