အိန္ဒိယပြည်တွင်းဖြစ် COVID-19 ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှု လာမည့်လ သို့မဟုတ် နှစ်လအတွင်းအပြီးသတ်လိမ့်မည်ဖြစ်ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီး ဟက်ရှ် ဗာဓန်က နိုဝင်ဘာ ၂၂ ရက်တွင် ပြောဆိုခဲ့သည်။
နိုင်ငံပိုင် အိန္ဒိယဆေးသုတေသနကောင်စီ(ICMR) နှင့် ပုဂ္ဂလိကပိုင် ဗာရတ် ဇီဝနည်းပညာကုမ္ပဏီတို့သည် COVAXIN အမည်ရှိ ကာကွယ်ဆေး၏ နောက်ဆုံးအဆင့်စမ်းသပ်မှုကို ယခုလတွင်စတင်ခဲ့သည်။
စေတနာ့ဝန်ထမ်း ၂၆၀၀၀ ခန့်ဖြင့် စမ်းသပ်မည်ဖြစ်သည်။
ပြည်တွင်းဖြစ် COVID-19 ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ရန် နီးစပ်နေပြီဖြစ်ပြီး လာမည့်လ သို့မဟုတ် နှစ်လအတွင်း နောက်ဆုံးအဆင့်စမ်းသပ်မှုပြီးစီးမည်ဖြစ်ကြောင်း ဟက်ရှ် ဗာဓန်ကပြောဆိုခဲ့သည်။
၂၀၂၁ ခုနှစ် ဇူလိုင်လရောက်ရှိချိန်တွင် နိုင်ငံသား သန်း ၂၀၀ မှ ၂၅၀ အထိကို ကာကွယ်ဆေးထိုးပြီးဖြစ်နေရန် အိန္ဒိယအစိုးရက လျာထားထားသည်။
COVID-19 ကာကွယ်ဆေးကို ဖေဖော်ဝါရီ သို့ဟုတ် မတ်တွင် စတင်ဖြန့်ချိနိုင်မည်ဟု မျှော်လင့်ကြောင်း ICMR မှ သိပ္ပံပညာရှင်တစ်ဦးက ရိုက်တာသို့ ယခုလ အစောပိုင်းတွင် ပြောဆိုခဲ့သည်။
သို့သော် နောက်ဆုံးအဆင့်စမ်းသပ်မှုရလဒ်များကို မတ် သို့မဟုတ် ဧပြီမှသာ သိရှိရမည်ဖြစ်ကြောင်း ဗာရတ် ဇီဝနည်းပညာကုမ္ပဏီက နိုဝင်ဘာ ၂၀ ရက်တွင် ပြောဆိုခဲ့သည်။
သက်ကြီးရွယ်အိုများနှင့် ကူးစက်နိုင်ခြေများသော အလုပ်ခွင်များရှိ ဝန်ထမ်းများအား အရေးပေါ်ကာကွယ်ဆေးထိုးနှံပေးနိုင်ခြေရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဗာဓန်က စက်တင်ဘာတွင် ပြောဆိုခဲ့ဖူးသည်။
Pfizer နှင့် Moderna တို့က ထုတ်လုပ်ထားသည့် ကာကွယ်ဆေးများကို အစောဆုံးရရှိနိုင်ခြေမရှိသဖြင့် COVAXIN နှင့် အခြားပြည်တွင်းဖြစ် ကာကွယ်ဆေးလေးမျိုးကိုသာ အားကိုးရဖွယ်ရှိနေကြောင်း အိန္ဒိယအစိုးရာအရာရှိများကပြောဆိုခဲ့သည်။
အောက်စ်ဖို့တက္ကသိုလ်နှင့် AstraZeneca ကုမ္ပဏီတို့က ဖန်တီးထားပြီး အိန္ဒိယရှိ ဆီရမ်အင်စတီကျုက ထုတ်လုပ်မည့် COVID-19 ကာကွယ်ဆေးကို အိန္ဒိယကျန်းမာရေးဝန်ထမ်းများနှင့် သက်ကြီးရွယ်အိုများအား ဇန်နဝါရီအစောပိုင်းတွင် ထိုးနှံပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ဆီရမ်အင်စတီကျု၏အမှုဆောင်အရာရှိက နိုဝင်ဘာ ၂၀ ရက်တွင် ပြောဆိုခဲ့သည်။
အိန္ဒိယ၌ COVID-19 ကူးစက်သူ ၉ ဒသမ ၀၉ သန်းနှင့် သေဆုံးသူ ၁၃၃၂၂၇ ဦးရှိနေသည်။

















