တောင်ကိုရီးယားနိုင်ငံ၌ COVID-19 တတိယလှိုင်းကို တန်ပြန်နိုင်ရေး ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ပိုမိုတင်းကျပ်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၃ ရက်တွင် COVID-19 ကူးစက်သူသစ် ၂၅၅ ဦးရှိခဲ့ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန(KDCA) က ထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာ ၂၂ ရက်တွင်ရှိခဲ့သည့် COVID-19 ကူးစက်သူသစ် ၃၃၀ ဦးမှ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယား၌ နိုဝင်ဘာ ၂၂ ရက်အထိ ငါးရက်ဆက်တိုက် တစ်ရက်လျှင် ကူးစက်သူသစ် ၃၀၀ ကျော်ရှိခဲ့သည်။
တောင်ကိုရီးယားအစိုးရသည် မြို့တော် ဆိုးလ်နှင့် အနီးဝန်းကျင်ဒေသများ၌ ဘားဆိုင်များ၊ နိုက်ကလပ်များကို ပိတ်သိမ်းခြင်း၊ ဘာသာရေးအခမ်းအနားများ၌ ပရိသတ်ဦးရေကို ကန့်သတ်ခြင်းတို့အပါအဝင် ကူးသန်းသွားလာမှုကန့်သတ်ချက်များကို တင်းကျပ်ခဲ့သည်။
တောင်ကိုရီးယားနိုင်ငံသည် တရုတ်နိုင်ငံပြီးနောက် အာရှ၌ COVID-19 ကူးစက်မှုကို တင်းကျပ်မှုများစွာမပြုလုပ်ဘဲ ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ချီးကျူးခံခဲ့ရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။
သို့သော် ရုံးခန်းများ၊ ဘိုးဘွားရိပ်သာများနှင့် ဘာသာရေးဆိုင်ရာအခမ်းအနားများမှတစ်ဆင့် အစုလိုက်အပြုံလိုက်ကူးစက်မှုများရှိခဲ့ပြီးနောက် ကူးစက်မှုထိန်းချုပ်နိုင်ရေးကို အပြင်းအထန်ကြိုးပမ်းခဲ့ရသည်။
တောင်ကိုရီးယားနိုင်ငံသည် COVID-19 တတိယလှိုင်းနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း အစိုးရက လွန်ခဲ့သောအပတ်တွင် ပြောဆိုခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ၌ COVID-19 ကူးစက်သူ ၃၁၀၀၄ ဦးနှင့် သေဆုံးသူ ၅၀၉ ဦးရှိနေပြီဖြစ်သည်။

















