ဟောင်ကောင်လှုပ်ရှားသူ ဂျိုရှုယာဝေါင် အပြစ်ရှိကြောင်း ရုံးတော်၌ ထွက်ဆို

ဟောင်ကောင်လှုပ်ရှားသူ ဂျိုရှုယာဝေါင် အပြစ်ရှိကြောင်း ရုံးတော်၌ ထွက်ဆို

ဟောင်ကောင်၌ ၂၀၁၉ ခုနှစ်တွင် ရဲတပ်ဖွဲ့ရုံးချုပ်အနီး ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်ရန် စီစဉ်ပြီး ယင်းဆန္ဒပြမှုများတွင် ဦးဆောင်ပါဝင်ခဲ့ကြောင်း ဟောင်ကောင်ဒီမိုကရေစီအရေးလှုပ်ရှားသူ ဂျိုရှုယာဝေါင်က တရားရုံး၌ နိုဝင်ဘာ ၂၃ ရက်တွင် ဝန်ခံလိုက်ပြီဖြစ်သည်။

ဟောင်ကောင်၌ ၂၀၁၄ ခုနှစ်တွင် ကျောင်းသားများခေါင်းဆောင်သော ဆန္ဒပြမှုများဖြစ်ပွားစဉ်တွင် အသက် ၁၇ နှစ်သာရှိသေးသည့် ဝေါင်သည် အပြစ်ရှိကြောင်းထင်ရှားပါက ထောင်ဒဏ်ငါးနှစ်အထိ ကျခံရမည်ဖြစ်သည်။

ထောင်ဒဏ် ချက်ချင်းချမှတ်မည်ဆိုပါက အံ့သြမိမည်မဟုတ်ကြောင်း ဝေါင်က တရားရုံးတွင်း မဝင်ရောက်မီတွင် ပြောဆိုခဲ့သည်။

အာဏာပိုင်များသည် ၎င်းကို ထောင်ဒဏ်တစ်ခုပြီး တစ်ခု ကျခံစေလိုပုံရကြောင်း၊ သံတိုင်များနောက်ရောက်နေသည်ဖြစ်ပါစေ လှုပ်ရှားမှုကိုရပ်တန့်မည်မဟုတ်ဘဲ လွတ်လပ်မှု၏တန်ဖိုးအကြောင်းကို ထုတ်ဖော်ပြောဆိုနေဦးမည်ဖြစ်ကြောင်း ဝေါင်ကပြောဆိုခဲ့သည်။

ယမန်နှစ်တွင် ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုများတွင် ဝေါင်သည် ခေါင်းဆောင်အဖြစ် ပါဝင်ခြင်းမရှိခဲ့သော်လည်း တရုတ်အစိုးရကမူ ပြည်ပအင်အားစုဆိုသည့် လက်မည်းကြီးက နောက်ကွယ်တွင်ရှိနေကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

ဇွန်တွင် တရုတ်အစိုးရက ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေကို အတည်ပြုခဲ့ပြီးနောက် ဝေါင်သည် ၎င်း၏ ဒီမိုကရေစီအရေးလိုလားသည့် Demosisto အဖွဲ့ကို ဖျက်သိမ်းခဲ့သည်။

ဥပဒေအရ ပုန်ကန်မှု၊ ဟောင်ကောင်ကို ပြည်မကြီးမှ ခွဲထွက်ရန် ကြိုးပမ်းမှု၊ အကြမ်းဖက်မှု၊ နိုင်ငံခြားအင်အားစုများနှင့် ပူးပေါင်းမှုတို့ကို ကျူးလွန်သည်ဟု သတ်မှတ်ခံရပါက ထောင်ဒဏ်တစ်သက်အထိ ချမှတ်ခံရမည်ဖြစ်သည်။

ဝေါင်၏မဟာမိတ် အဂ္ဂနိစ် ချောင်သည်လည်း ၂၀၁၉ ခုနှစ်တွင် ဇွန်တွင် ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုများအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီးဖြစ်သည်။ ဝေါင်သည် ရုံးတော်ကို မထီမဲ့မြင်ပြုမှုဖြင့် ယမန်နှစ်တွင် ရက်သတ္တပတ်ငါးပတ် အချုပ်ကျခဲ့သည်။