အမေရိကန်ရေတပ်ဗိုလ်ချုပ်တစ်ဦး ထိုင်ဝမ်သို့ ရှောင်တခင် လာရောက်

အမေရိကန်ရေတပ်ဗိုလ်ချုပ်တစ်ဦး ထိုင်ဝမ်သို့ ရှောင်တခင် လာရောက်

အာရှပစိဖိတ်ဒေသ၌ အမေရိကန်ထောက်လှမ်းရေးကိုတာဝန်ယူထားရသည့် ကြယ်နှစ်ပွင့်ရ ရေတပ်ဗိုလ်ချုပ်တစ်ဦးသည် ထိုင်ဝမ်သို့ ရှောင်တခင်လာရောက်ခဲ့ကြောင်း သတင်းအရင်းအမြစ်နှစ်ခုက ရိုက်တာသတင်းဌာနသို့ ပြောဆိုခဲ့သည်။

ရေတပ်ဗိုလ်ချုပ် မိုက်ကယ် စတုဒ်မန်းဖြစ်ကြောင်း ထိုင်ဝမ်ရှိ အမည်မဖော်လိုသော အစိုးရအရာရှိတစ်ဦးကပြောဆိုခဲ့သည်။

စတုဒ်မန်းသည် အမေရိကန်စစ်တပ်၏ အင်ဒိုပစိဖိတ်ဌာနချုပ်ရှိ ထောက်လှမ်းရေးကိုတာဝန်ယူရသည့် J2 ဌာနအကြီးအကဲဖြစ်ကြောင်း ရေတပ်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထိုင်ဝမ်ကို ၎င်းတို့ပိုင်နက်အဖြစ် သတ်မှတ်ထားသည့် တရုတ်သည် သြဂုတ်တွင် အမေရိကန်ကျန်းမာရေးဝန်ကြီး အဲလက် အဇာနှင့် စက်တင်ဘာတွင် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကိတ် ကရာ့ချ်တို့ ထိုင်ဝမ်သို့လာရောက်သည့်အခါ ထိုင်ဝမ်ကျွန်းအနီးသို့ တိုက်လေယာဉ်များကို စေလွှတ်ပြီး မကျေနပ်ကြောင်း ထုတ်ဖော်ပြသခဲ့သည်။

ထရမ့်အစိုးရသည် ထိုင်ဝမ်သို့ လက်နက်များရောင်းချခြင်းအပါအဝင် အားပေးကူညီမှုများကို တိုးမြှင့်ပြုလုပ်နေသည်။

ထရမ့်အစိုးရလက်ထက်တွင် ပင်တဂွန်စစ်ဌာနချုပ်သည် ထိုင်ဝမ်သို့ ကြယ်တစ်ပွင့်၊ နှစ်ပွင့်ရ စစ်တပ်အရာရှိများကို ပုံမှန်စေလွှတ်နေကြောင်း အာရှဆိုင်ရာ လက်ထောက်ကာကွယ်ရေးဝန်ကြီးဟောင်း ရန်ဒယ် ရှရီဗာကပြောဆိုခဲ့သည်။

တိုင်ပေမြို့လယ်ရှိ ဆွန်ရှန်းလေဆိပ်၌ အမေရိကန်စစ်တပ်လေယာဉ်တစ်စင်း ရပ်နားထားပုံကို ထိုင်ဝမ်ရှိ United Daily News က ဖော်ပြခဲ့သည်။