တီဂရေးရှိ အရပ်သားများအပေါ်လည်း သက်ညှာမည်မဟုတ်ကြောင်း အီသီယိုးပီးယားစစ်တပ် သတိပေး

တီဂရေးရှိ အရပ်သားများအပေါ်လည်း သက်ညှာမည်မဟုတ်ကြောင်း အီသီယိုးပီးယားစစ်တပ် သတိပေး

ဝန်းရံပိတ်ဆို့ခံထားရသည့် တီဂရေးဒေသမြို့တော် မဲလီကာရှိ အရပ်သားများအပေါ်လည်း သက်ညှာမည်မဟုတ်ကြောင်း အီသီယိုးပီးယားစစ်တပ်က နိုဝင်ဘာ ၂၂ ရက်တွင် သတိပေးထုတ်ပြန်ခဲ့သည်။

ယခုအချိန်မှစ၍ သံချပ်ကာယာဉ်များဖြင့် တိုက်ခိုက်မည်ဖြစ်ပြီး မြို့နေအရပ်သားများအနေဖြင့် လက်နက်ကြီးရန်မှ မိမိကိုယ်မိမိကာကွယ်နိုင်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း အီသီယိုးပီးယားစစ်တပ်၏ပြောခွင့်ရှိသူ ဗိုလ်မှူး ဒီဂျင်း ဆီဂါယဲကပြောဆိုခဲ့သည်။

တီဂရေးဒေသခေါင်းဆောင်များသည် အရပ်သားများအကြားတွင် ပုန်းအောင်းနေကြောင်း ဆီဂါယဲက စွပ်စွဲပြောဆိုခဲ့သည်။

သို့သော် တစ်မြို့လုံးအား စစ်ဘက်ဆိုင်ရာ ပစ်မှတ်အဖြစ် သတ်မှတ်ခြင်းသည် ဥပဒေနှင့်မညီသလို စုပေါင်းအပြစ်ပေးပုံလည်းရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့မှ လဲတီတီးယား ဘာဒါက နိုဝင်ဘာ ၂၂ ရက်တွင် ပြောဆိုခဲ့သည်။

တစ်နည်းပြောရလျှင် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းသာဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးဟောင်း ဆူဆန် ရိုက်စ်က ပြောဆိုခဲ့သည်။

တီဂရေးကို အုပ်ချုပ်နေသည့် တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး၏ခေါင်းဆောင်များအနေဖြင့် နောက်ကြောင်းပြန်လှည့်စရာမရှိတော့သောကြောင့် ၇၂ နာရီအတွင်း အညံ့ခံရမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်လ်ဆုရှင် အီသီယိုးပီးယားဝန်ကြီးချုပ် အဘီ အာမတ်က ရာဇသံပေးခဲ့သည်။

တပ်ဦးခေါင်းဆောင်များသည် ဘာသာရေးဆိုင်ရာနေရာများ၊ ဟိုတယ်များ၊ စာသင်ကျောင်းများနှင့် သချႌုင်းများကို ပုန်းအောင်းစရာနေရာများအဖြစ် အသုံးချနေပြီး မာလဲကာမြို့နေများအား လူသားတံတိုင်းအဖြစ် အသုံးချနေကြောင်း အဘီ အာမတ်ကပြောဆိုခဲ့သည်။

စစ်တပ်ပိုင် လက်နက်တိုက်တစ်ခုကို တီဂရေးဒေသလက်နက်ကိုင်များက ဖျက်ဆီးခဲ့ကြောင်း စွပ်စွဲပြီး အဘီ အာမတ်သည် တီဂရေးဒေသအား နိုဝင်ဘာ ၄ ရက်မှစ၍ စစ်ရေးအရ တိုက်ခိုက်မှုများပြုလုပ်စေခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် တီဂရေးဒေသ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းပေါ်ပေါက်နေပြီဖြစ်ပြီး ဒေသတွင်းရှိ လူနှစ်သန်းသည် အစားအသောက်၊ ဆေးဝါး၊ လောင်စာနှင့် အခြားအခြေခံလိုအပ်ချက်များကို အကြီးအကျယ်လိုအပ်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂကပြောဆိုခဲ့သည်။

ဒုက္ခသည်အကျပ်အတည်းနှစ်ခုလည်း ပေါ်ပေါက်နေပြီဖြစ်သည်။

အီသီယိုးပီးယားနိုင်ငံသား ၃၅၀၀၀ ကျော်သည် အိမ်နီးချင်း ဆူဒန်နိုင်ငံတွင်းသို့ ဝင်ရောက်ခိုလှုံခဲ့ကြပြီးဖြစ်သည်။

တီဂရေးဒေသတွင်း၌လည်း အဲရီထရီးယားရှိ ဒုက္ခသည် ၁၀၀၀၀၀ ခိုလှုံနေသည့် စခန်းများအနီးတွင် တိုက်ခိုက်မှုများဖြစ်ပွားနေသည်။

အဲရီထရီးယားသားတချို့သည်လည် ဆူဒန်နိုင်ငံတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။