အမေရိကန်ပြည်ထောင်စု၌ ဒီဇင်ဘာအစောပိုင်းတွင် COVID-19 ကာကွယ်ဆေး စတင်ထိုးနှံမည်

အမေရိကန်ပြည်ထောင်စု၌ ဒီဇင်ဘာအစောပိုင်းတွင် COVID-19 ကာကွယ်ဆေး စတင်ထိုးနှံမည်

အမေရိကန်ပြည်ထောင်စု၌ ဒီဇင်ဘာအစောပိုင်းတွင် COVID-19 ကာကွယ်ဆေးစတင်ထိုးနှံမည်ဖြစ်ကြောင်း အမေရိကန်အစိုးရ၏ COVID-19 ကာကွယ်ရေးရရှိရေးစီမံကိန်း၏အကြီးအကဲ မွန်ဆက် စလောက်ယီက နိုဝင်ဘာ ၂၂ ရက်တွင် ပြောဆိုခဲ့သည်။

အမေရိကန်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးဌာန(FDA) က ခွင့်ပြုပြီးနောက် ၂၄ နာရီအတွင်း ကာကွယ်ဆေးထိုးနှံသည့် နေရာများသို့ ကာကွယ်ဆေးများကို ပို့ဆောင်ပေးရန် စီစဉ်ထားပြီး အစောဆုံးအနေဖြင့် ဒီဇင်ဘာ ၁၁ နှင့် ၁၂ ရက်တို့ဖြစ်နိုင်ကြောင်း မွန်ဆက် စလောက်ယီကပြောဆိုခဲ့သည်။

Pfizer နှင့် Moderna တို့ကလည်း ၎င်းတို့ထုတ်လုပ်ထားသည့် COVID-19 ကာကွယ်ဆေးများ အနည်းဆုံး ၉၅ ရာခိုင်နှုန်းထိရောက်မှုရှိကြောင်း ပြောဆိုထားသည်။

FDA မှ ကာကွယ်ဆေးအကြံပေးများသည် ဒီဇင်ဘာ ၁၀ ရက်တွင် ကာကွယ်ဆေးနှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်သည်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်သူ ၅၈ သန်းကျော်နှင့် သေဆုံးသူ ၁ ဒသမ ၄ သန်းကျော်ရှိနေပြီဖြစ်သည်။

ဒီဇင်ဘာတွင် အမေရိကန်ပြည်ထောင်စုတစ်ဝန်းရှိ လူ သန်း ၂၀ ကို ကာကွယ်ဆေးထိုးနှံပေးနိုင်မည်ဟု မျှော်လင့်ထားပြီး ယင်းနောက်တွင် တစ်လလျှင် လူ သန်း ၃၀ ခန့်ကို ကာကွယ်ဆေးထိုးနှံပေးနိုင်မည်ဖြစ်ကြောင်း စလောက်ယီက ပြောဆိုခဲ့သည်။

၂၀၂၁ ခုနှစ် မေလသို့ရောက်ရှိချိန်တွင် နိုင်ငံလူဦးရေ၏ ရာခိုင်နှုန်း ၇၀ သည် ကာကွယ်ဆေးထိုးနှံပြီးဖြစ်နေသောကြောင့် ဗိုင်းရပ်စ်ဒဏ်ကို အုပ်စုလိုက်ခုခံနိုင်စွမ်းရှိနေကာ ကူးစက်မှုနှုန်း လုံးဝကျဆင်းသွားမည်ဟု မျှော်လင့်ကြောင်း စလောက်ယီက ဆက်လက်ပြောဆိုခဲ့သည်။

သို့သော် ကာကွယ်ဆေးနှင့်ပတ်သက်၍ အဆိုးမြင်မှုများရှိနေသဖြင့် စိုးရိမ်မိကြောင်း ၎င်းကပြောဆိုခဲ့သည်။ ကာကွယ်ဆေးထိုးနှံမည်မဟုတ်ကြောင်း အမေရိကန် ၁၀ ဦးလျှင် လေးဦးက ပြောဆိုခဲ့သည်ဟု မကြာသေးမီတွင် ထုတြ်ပန်ခဲ့သည် ဂဲလပ်စစ်တမ်းတစ်ခုအရသိရသည်။

မည်သူတို့ကို ကာကွယ်ဆေးဦးစားပေးထိုးနှံမည်နှင့်ပတ်သက်၍ ထုတ်ပြန်ခြင်းမရှိသေးချေ။ ကျန်းမာရေးဝန်ထမ်းများနှင့် သက်ကြီးရွယ်အိုများအား ဦးစားပေးထိုးနှံပေးဖွယ်ရှိနေကြောင်း စလောက်ယီက ပြောဆိုခဲ့သည်။