ပြင်သစ်သမ္မတဟောင်း ဆာကိုဇီ အကျင့်ပျက်ခြစားမှုဖြင့် ရုံးတင်ခံရ

ပြင်သစ်သမ္မတဟောင်း ဆာကိုဇီ အကျင့်ပျက်ခြစားမှုဖြင့် ရုံးတင်ခံရ

ပြင်သစ်ဟောင်းသမ္မတနီကိုလပ်စ် ဆာကိုဇီသည် တရားသူကြီးတစ်ဦးကို လာဘ်ပေးနိုင်ရန် ကြိုးပမ်းမှု၊ မလျော်သြဇာအသုံးပြုမှုများဖြင့် နိုဝင်ဘာ ၂၃ ရက်တွင် ရုံးတင်စစ်ဆေးမှုခံယူခဲ့ရသည်။

၂၀၀၇ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုအတွင်း ဆာကိုဇီသည် L`Oreal လုပ်ငန်း အမွေဆက်ခံသူ လီလီယံ ဘတ်တန်းကို့ထံမှ ငွေကြေးများစွာတရားမဝင်ရယူခဲ့မှုအပေါ် စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ လျှိ့ဝှက်သတင်းများရရှိရန် တရားသူကြီး ဂီးလ်ဘတ် အဇီဘတ်အား ချဉ်းကပ်ခဲ့ကြောင်း ဥပဒေအရာရှိများကပြောဆိုခဲ့သည်။

တရားသူကြီး အဇီဘတ်သည် လျှို့ဝှက်သတင်းကို ပြောပြပါက မိုနာကိုရှိ ထိပ်တန်းရာထူးတစ်ခုကိုရရှိမည်ဖြစ်ကြောင်း ဆာကိုဇီက စည်းရုံးခဲ့သည်။

ပြင်သစ်သမ္မတအဖြစ် ၂၀၀၇ မှ ၂၀၁၂ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည့် ဆာကိုဇီသည် နိုင်ငံရေးနယ်ပယ်တွင် သြဇာကြီးနေဆဲဖြစ်သည်။ အမှားကျူးလွန်ခြင်းမရှိခဲ့ကြောင်း၊ နိုင်ငံရေးအရ နာမည်ဖျက်နေခြင်းသာဖြစ်ကြောင်း ဆာကိုဇီကပြောဆိုခဲ့သည်။

ဆာကိုဇီ၏ ၂၀၀၇ ခုနှစ် မဲဆွယ်စည်းရုံးမှုအတွက် လစ်ဗျားက ငွေကြေးထောက်ပံ့ခဲ့မှုနှင့်ပတ်သက်၍ ဆာကိုဇီနှင့် ၎င်း၏ရှေ့နေ သီရီ ဟာဇော့တို့ကြား ဖုန်းပြောဆိုမှုကို ၂၀၁၃ ခုနှစ်ကတည်းက ဥပဒေအရာရှိများက ကြားဖြတ်နားထောင်ခဲ့ခြင်းဖြစ်သည်။

ဆာကိုဇီနှင့် ၎င်း၏ရှေ့နေတို့သည် အခြားနာမည်များဖြင့် ဖုန်းနံပါတ်များကို မှတ်ပုံတင်ကာ အသုံးပြုနေခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။

ဆာကိုဇီ၏ဖုန်းနံပါတ်သည် ပေါ ဘစ်မတ်အမည်ဖြင့် မှတ်ပုံတင်ထားသည်။

ဆာကိုဇီနှင့် ဟာဇော့တို့သည် ဖုန်းပြောဆိုမှုများအတွင်း ပြင်သစ်အယူခံရုံးမှ တရားသူကြီး အဇီဘတ်ကို ဆက်သွယ်ရန် မကြာခဏပြောဆိုခဲ့ကြောင်း ဥပဒေအရာရှိများကပြောဆိုခဲ့သည်။ အဇီဘတ်သည် ဘတ်တန်ကို့အမှုနှင့်ပတ်သက်၍ ထဲထဲဝင်ဝင်ပါဝင်နေသူဖြစ်သည်။

ဟာဇော့နှင့် အဇီဘတ်တို့သည်လည်း အကျင့်ပျက်ခြစားမှု၊ မလျော်သြဇာသုံးမှုများဖြင့် ယခုလတွင် ရုံးတင်စစ်ဆေးမှုခံယူနေရသည်။ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက သုံးဦးစလုံးသည် ထောင်ဒဏ် ၁၀ နှစ်အထိချမှတ်ခံရမည်ဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ပြန်လည်ရွေးကောက်ခံရရေးကြိုးပမ်းမှုအတွင်း မဲဆွယ်စည်းရုံးမှုအတွင်း ထောက်ပံ့ငွေရယူမှုဆိုင်ရာစည်းမျဉ်း ချိုးဖောက်မှုဖြင့် ဆာကိုဇီသည် လာမည့်မတ်လတွင် ရုံးတင်စစ်ဆေးမှုခံယူရဦးမည်ဖြစ်သည်။