ရွေးကောက်ပွဲကာလအတွင်း အကြမ်းဖက်ခံရမှုပေါင်း ခြောက်ခုထက်မနည်း NLD ကြုံတွေ့ခဲ့ရ

ရွေးကောက်ပွဲကာလအတွင်း အကြမ်းဖက်ခံရမှုပေါင်း ခြောက်ခုထက်မနည်း NLD ကြုံတွေ့ခဲ့ရ

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကာလမတိုင်မီနှင့် ရွေးကောက်ပွဲလွန်ကာလအတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အနေဖြင့် အကြမ်းဖက်ခံရမှုပေါင်း ခြောက်ခု ထက်မနည်း တွေ့ကြုံခဲ့ရသည်ဟု ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ပြောသည်။

အကြမ်းဖက်ခံရမှုပေါင်း များစွာရှိခဲ့ပြီး အများစုမှာ မှတ်တမ်းမှတ်ရာ မရှိသော်လည်း ခြောက်ခုနှင့်အထက်မှာ မှတ်တမ်းအတိအကျ များရှိကြောင်းလည်း ၎င်းက ဆိုသည်။ အကြမ်းဖက်ခံရမှုဖြစ်စဉ်များတွင် ပါတီကိုယ်စားလှယ်များသာမက ပါတီဝန်းရံသူများသည်လည်း အကြမ်းဖက်ခံခဲ့ကြရကြောင်း ဆိုသည်။

အဆိုပါဖြစ်စဉ်များအနက် ကျယ်ကျယ်ပြန့်ပြန့် သတင်းပျံ့နှံ့ခဲ့သည့်ဖြစ်စဉ်များမှာ မြိုင်ကလေးကျေးရွာတွင် NLD ပါတီအောင်နိုင်ရေးတေးများ လော်စပီကာမှ ဖွင့်သည့်နေအိမ်အား ရပ်ကွက်နေသူအများစုက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်း ၊ NLD ဝန်းရံထောက်ခံသူ လူငယ်တစ်ဦးအား အခြားပါတီအားပေး ထောက်ခံသူများက ဝိုင်းဝန်းရိုက်နှက်သဖြင့်သေဆုံးခဲ့ရသည့် တာဘိုးကျေးရွာဖြစ်စဉ်တို့မှာ ပါတီဝန်းရံသူများ အကြမ်းဖက်ခံခဲ့ရသည် လူသိများသော ဖြစ်စဉ်များဖြစ်သည်။

ပါတီဝင်နှင့် ပါတီကိုယ်စားလှယ်များအကြမ်းဖက်ခံရမှု အနေဖြင့်မူ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၌ ယခုနှစ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းအသစ်ဖြစ်သူ မချစ်ချစ်ချော နှင့် လက်ရှိတွင်လည်း လွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းဆောင်နေပြီး ရွေးကောက်ပွဲ၌  ဆက်လက်ယှဉ်ပြိုင်မည့် ဒေါ်နီနီမေမြင့်နှင့် ဦးမင်းသူတို့အား အောက်တိုဘာလအတွင်း၌ AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ NLD ကိုယ်စားလှယ်များသည် တောင်ကုတ်မြို့နယ် ဟောင်းခါးကျေးရွာအတွင်း စည်းရုံးရေးလုပ်ငန်းများ လုပ်ကိုင်နေစဉ် ဖမ်းဆီးခေါ်ဆောင်ခံရခြင်းဖြစ်ကာ ယနေ့ချိန်ထိပြန်လည် လွတ်မြောက်လာခြင်း မရှိသည်ကို တွေ့ရသည်။

ရွေးကောက်ပွဲပြီးကာလဖြစ်သည့် နိုဝင်ဘာလ ၂၁ ရက်နေ့တွင်လည်း ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှ အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထိုက်အား နေအိမ်ရှေ့တွင်ပင် အမည်မသိသူတစ်ဦးက သေနတ်ဖြင့် အနီးကပ် လာရောက်ပစ်ခတ်ခဲ့၍ သေဆုံးခဲ့ရသည်။

"ကျွန်တော်တို့ စုစုပေါင်း ဖြစ်စဉ်ခြောက်ခုလောက် ရှိပါတယ်။ ဒီထဲမှာ ဝန်းရံသူတွေ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်။ တာဘိုးဖြစ်စဉ်တို၊့ ဧရာဝတီတိုင်းဖြစ်စဉ်တို့ ရှိတယ်။ နောက် ဝိုင်းရိုက်တာတို့ ၊ဆိုင်ကယ်ပေါ်က ဆွဲချပြီး ဝိုင်းရိုက်နှက်ကြတာတို့ စတဲ့ဖြစ်စဉ်တွေ ရှိတယ်။ရွေးကောက်ပွဲဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေးအဆင့်အတန်းကို ပြတာပါပဲ။ ရွေးကောက်ပွဲတစ်ခု တရားမျှတလေ လွတ်လပ်လေ ၊ အဲဒီနိုင်ငံရဲ့ နိုင်ငံရေးအဆင့်အတန်းမြင့်လေ ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်လေပါပဲ။ ကျွန်တော်တို့ကတော့ မတရားတဲ့ ဘယ်လိုနည်းနဲ့မှ ရွေးကောက်ပွဲ အနိုင်မယူဖို့ ကိုယ်စားလှယ်တွေကို မှာကြားပါတယ်”ဟု ဒေါက်တာမျိုးညွန့်က ပြောဆိုသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ နှစ်လအတွင်း ရွေးကောက်ပွဲအကြမ်းဖက်မှု ၈၂ ခုအထိဖြစ်ပွားခဲ့သည်ကို လေ့လာတွေ့ရှိခဲ့ကြောင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ New Myanmar Foundation က ရွေးကောက်ပွဲမတိုင်မီ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့ပြီး ၂၀၂၀ မဲဆွယ်ကာလ ရွေးကောက်ပွဲပဋိပက္ခဖြစ်ပွားမှုများသည် ၂၀၁၅ ရွေးကောက်ပွဲကထက် ပိုမိုများပြားလာကြောင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များက ပြောဆိုထားကြသည်



ဖတ်ရှုမှုအများဆုံး