ဂျာမနီ၌ ကူးသန်းသွားလာမှုကန့်သတ်အမိန့်ကို ဒီဇင်ဘာ ၂၀ အထိ သက်တမ်းတိုး

ဂျာမနီ၌ ကူးသန်းသွားလာမှုကန့်သတ်အမိန့်ကို ဒီဇင်ဘာ ၂၀ အထိ သက်တမ်းတိုး

ဂျာမနီနိုင်ငံ၌ COVID-19 ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် ချမှတ်ထားသည့် ကူးသန်းသွားလာမှုကန့်သတ်ချက် အသေးစားကို ဒီဇင်ဘာ ၂၀ ရက်အထိ သက်တမ်းတိုးရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ထိပ်တန်းနိုင်ငံရေးသမားများကြား သဘောတူညီထားသည့် ဆုံးဖြတ်ချက် မူကြမ်းအရ သိရသည်။

ဂျာမနီသည် COVID-19 ဒုတိယလှိုင်းကို တားဆီးနိုင်ရေးအတွက် တစ်လတာကြာမြင့်မည့် ကူးသန်းသွားလာမှုကန့်သတ်ချက်အသေးစားကို နိုဝင်ဘာ ၂ ရက်တွင် ချမှတ်ခဲ့သည်။

သို့သော် ကူးစက်သူသစ်ဦးရေ ကျဆင်းခြင်းမရှိသောကြောင့် ကန့်သတ်ချက်ကို နိုဝင်ဘာ ၃၀ ရက်ထက်ကျော်လွန်ပြီး ချမှတ်ရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး အိုလက်ဖ် ရှိှုးကပြောဆိုခဲ့သည်။

ဂျာမနီ၌ ဘားနှင့် စားသောက်ဆိုင်များကို ပိတ်သိမ်းထားသော်လည်း စျေးဆိုင်များနှင့် စာသင်ကျောင်းများကို ဖွင့်လှစ်ထားဆဲဖြစ်သည်။

မိသားစုနှစ်စုမှ လူများသည် ၁၀ ဦးထက်ပိုမိုပြီး စုဝေးခြင်းမပြုရန် ကန့်သတ်ချက်အပါအဝင် အများပြည်သူစုဝေးခွင့်ကိုလည်း ကန့်သတ်ထားသည်။

ယခုထုတ်ပြန်မည့် ဆုံးဖြတ်ချက်မူကြမ်းအရ မိသားစုနှစ်စုသည် လူငါးဦးထက် ပိုမိုစုဝေးခွင့်ရမည်မဟုတ်ချေ။

ဂျာမနီရှိ ပြည်နယ် ၁၆ ခုတို့က ဆုံးဖြတ်ချက်မူကြမ်းအား ထောက်ခံမည် မခံမည်ကို မသိရသေးချေ။ ဘာဗေးရီးယားရှိ ခရစ်ယာန်ဆိုရှယ်ယူနီယံပါတီခေါင်းဆောင် မားကုစ် ဇိုဒါကမူ နောက်ထပ် သုံးပတ်သက်တမ်းတိုးမည်ဆိုပါက ဒီဇင်ဘာ ၂၀ အထိ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ကူးစက်မှုလှိုင်းကို ဖြတ်တောက်နိုင်ပြီဖြစ်သော်လည်း ကူးစက်သူသစ်ဦးရေ ကျဆင်းခြင်းမရှိသလို ဆေးရုံများ၌လည်း လူနာဦးရေတိုးလာနေသဖြင့် ကန့်သတ်ချက် သက်တမ်းတိုးရန်လိုအပ်ကြောင်း ဇိုဒါကပြောဆိုခဲ့သည်။

နောက်ထပ်တင်းကျပ်မှုများ ချမှတ်သင့်မသင့်နှင့် ပတ်သက်၍ ဆွေးနွေးရန် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာ မာကယ်သည် ပြည်နယ်ခေါင်းဆောင်များနှင့် နိုဝင်ဘာ ၂၅ ရက်တွင် တွေ့ဆုံမည်ဖြစ်သည်။