မန္တလေးတိုင်းရှိ စာသင်ကျောင်း ၂၁၆ ကျောင်း တိုးချဲ့လုပ်ငန်းများ ဒီဇင်ဘာတွင် စတင်မည်

မန္တလေးတိုင်းရှိ စာသင်ကျောင်း ၂၁၆ ကျောင်း တိုးချဲ့လုပ်ငန်းများ ဒီဇင်ဘာတွင် စတင်မည်

မန္တလေးတိုင်းအတွင်း ယခုဘဏ္ဍာနှစ်၌ မြို့နယ် ၂၈ မြို့နယ်ရှိ စာသင်ကျောင်း ၂၁၆ ကျောင်းအား တိုးချဲ့မှုလုပ်ငန်းများကို ဒီဇင်ဘာဒုတိယပတ်မှစတင်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုးချဲ့တည်ဆောက်မည့်ကျောင်းဆောင်သစ်များအတွက် ငွေကျပ် ၁၅ ဘီလီယံဝန်းကျင်သုံးစွဲသွားရန်ခန့်မှန်းထားပြီး တင်ဒါလျှောက်လွှာတင်ထားသည့် ဆောက်လုပ်ရေးကုမ္ပဏီများသို့ တင်ဒါဖွင့်လှစ်မှုလုပ်ငန်းကိုဆောင်ရွက်ပြီးဖြစ်သောကြောင့် လုပ်ငန်းများ အမြန်ဆုံး စတင်အကောင်အထည်ဖော်မည်ဖြစ်ကာ ထပ်မံတိုးချဲ့ရန်လိုအပ်သော မြို့နယ်များအတွက်လည်း ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာရးတွင်ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း တင်ဒါကော်မတီဝင် မန္တလေးတိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်အောင်မိုးက ပြောသည်။

''သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် သွားရောက်ကွင်းဆင်းစစ်ဆေးပြီးတော့မှ တကယ်လိုအပ်နေတဲ့ကျောင်းတွေမှာ ကျောင်းဆောင်သစ်တွေတိုးချဲ့တည်ဆောက်ဖို့အတွက်တင်ပြကြတာဖြစ်ပြီး အဓိကအားဖြင့်တော့ ရှိတဲ့စာသင်ဆောင်နဲ့ ကျောင်းသားကျောင်းသူဦးရေ မမျှတဲ့ စာသင်ကျောင်းတွေရယ်၊ ဟောင်းနွမ်းတဲ့စာသင်ဆောင်တွေကြောင့် စာသင်တဲ့သူတွေအတွက် အန္တရာယ်ရှိလို့ ဖျက်သိမ်းဖို့လိုအပ်ချက်ရှိနေတဲ့ မြို့နယ်တွေမှာ ဦးစားပေးထားတာပါ။ နှစ်စဉ်နှစ်တိုင်း ဘတ်ဂျက်နှစ်မတိုင်ခင်ကာလမှာ မြို့နယ်ပညာရေးမှူးရုံးတွေကနေတစ်ဆင့် လိုအပ်ချက်အလိုက် တိုးချဲ့တည်ဆောက်သင့်တဲ့ စာသင်ဆောင်တွေကို တောင်းခံကြရာမှာ တစ်တိုင်းလုံးအတိုင်းအတာနဲ့ဆိုရင် အခု ကျောင်းဆောင်သစ်အရေအတွက်က လုံလောက်တဲ့အနေအထားတော့ မဟုတ်သေးဘူးဆိုပေမယ့် နောင်ဘဏ္ဍာရေးနှစ်တွေမှာလည်း ထပ်မံတည်ဆောက်ဖို့ တင်ပြတောင်းခံဦးမှာပါ''ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းအခြေခံပညာကျောင်းပေါင်း ၄၂၆၃ကျောင်းသည့်အနက် မြို့နယ် ၂၈ မြို့နယ်မှ စာသင်ကျောင်းဆောင် စုစုပေါင်း ၂၁၆ ကျောင်း တိုးချဲ့မှုများ ပြုလုပ်သွားမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး