ထိုင်းနိုင်ငံမှကုန်တင်ယာဉ်များအားမြဝတီကုန်သွယ်ရေးဇုန်အထိ ဝင်ရောက်ခွင့်ပြု

ထိုင်းနိုင်ငံမှကုန်တင်ယာဉ်များအားမြဝတီကုန်သွယ်ရေးဇုန်အထိ ဝင်ရောက်ခွင့်ပြု

ကိုဗစ်ရောဂါထိမ်းချုပ်မှုကြောင့်မြန်မာ-ထိုင်းအမှတ်(၂) တံတားကြီး၏ BCF ဇုန်၌သာထိုင်းကုန်တင်ယာဉ်များကုန်စည်ပို့ဆောင်ခြင်းကိုခွင့်ပြုခဲ့သော်လည်းယနေ့နိုဝင်ဘာ ၂၃ ရက်နေ့နံနက် ၆းဝဝ နာရီမှစတင်၍ထိုင်းကုန်တင်ကားများအားမြဝတီကုန်သွယ်ရေးဇုန်အထိဝင်ရောက်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။

"ကိုဗစ်ရောဂါထိမ်းချုပ်မှုကာလအတွင်းထိုင်းဘက်ကရောမြန်မာဘက်ကပါနှစ်ဘက်ကုန်တင်ယာဉ်တွေကို BCF ဇုန်တွေမှာသာကုန်တွေချိန်းပြောင်းပြီးကုန်သွယ်ခွင့်ပြုခဲ့ပေမဲ့ယနေ့ကစပြီးထိုင်းကုန်တင်ယာဉ်တွေကိုမြဝတီကုန်သွယ်ရေးဇုန်အထိလာရောက်ခွင့်ပြုလိုက်တာဖြစ်ပါတယ်၊ထိုင်းဘက်ကနေပြီးသူတို့ကုန်တင်ယာဉ်တွေကိုမြဝတီအမှတ် ၂ တံတား BCF ဇုန်ကနေပြီးကုန်သွယ်ရေးဇုန်အထိ,ကုန်ချခွင့်ပြုဖို့တောင်းဆိုလာတဲ့အတွက်ပြည်နယ်အစိုးရအဖွဲ့ကိုတင်ပြခဲ့ပြီးပြည်နယ်အစိုးရရဲ့ခွင့်ပြုချက်နဲ့ဒီနေ့ ၂၃ ရက်နေ့ကစတင်ပြီးခွင့်ပြုခဲ့တာပါ"ဟုမြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။

"ကျွန်တော်တို့ရဲ့ထိုင်းဘက်ကဝယ်ယူတဲ့ကုန်တွေကိုအမှတ်(၂) တံတား BCF ဇုန်မှာချိန်းပြောင်းနေရတော့ကားထပ်ငှါးရတယ်၊ကုန်တွေချိန်းပြောင်းဖို့အလုပ်သမားခ,တွေထပ်ကုန်တယ်၊အချိန်ကြန့်ကြာမှုလည်းဖြစ်တယ်၊ဒီကြားတည်းမိုးရွာရင်ကုန်တွေပျက်စီးရပြန်တယ်၊အခုတော့အဲဒါမျိုးတွေမရှိတော့တဲ့အတွက်အလွန်အဆင်ပြေသွားပြီးဖြစ်ပါတယ်"ဟုထိုင်းနိုင်ငံမှကုန်များတင်သွင်းနေသည့်မြန်မာကုန်သည်တစ်ဦးကပြောသည်။

မြန်မာ-ထိုင်းကုန်သွယ်မှုပြုလုပ်ရာတွင်ကိုဗစ်ရောဂါထိမ်းချုပ်မှုကြောင့်နှစ်နိုင်ငံ BCF ဇုန်များတွင်ကုန်စည်ချိန်းပြောင်းဆောင်ရွက်ရာ၌နေ့စဉ်ကုန်တင်ကုန်ချအလုပ်သမားများ၊ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များစုစုပေါင်း ၈ဝဝ ဦးခန့်မှာနီးကပ်စွာထိတွေ့လုပ်ကိုင်နေရသဖြင့်ကိုဗစ်ရောဂါကူးစက်မှုဖြစ်ပွားလာနှိုင်သည့်အတွက်ထိုင်းနိုင်ငံဘက်မှမြဝတီကုန်သွယ်ရေးဇုန်အထိကုန်များပို့ဆောင်ခွင့်ပြုပေးပါရန်တင်ပြခဲ့မှုကြောင့်ကရင်ပြည်နယ်အစိုးရအဖွဲ့မှခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သို့သော်လည်းမြန်မာဘက်မှကုန်တင်ယာဉ်များကိုမူထိုင်းနိုင်ငံမဲဆောက်ဘက်အထိဝင်ရောက်ခွင့်မပြုသေးပဲမြန်မာဘက်တွင်ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားနေမှုနှုန်းမတည်ငြိမ်သေးသည့်အတွက်မြန်မာကုန်တင်ယာဉ်များအားမဲဆောက်အထိထိုင်းဘက်မှခွင့်မပြုသေးကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး