ပြည်တွင်း၌ ထုတ်လုပ်နေသော COVID-19 ကာကွယ်ဆေးနှစ်မျိုး သည် အောင်မြင်မှုရှိသောကြောင့် လူသားစမ်းသပ်မှုများကို စတင်လုပ် ဆောင်တော့မည်ဖြစ်ကြောင်း ထိုင်းအမျိုးသားကာကွယ်ဆေးအင်စတီကျု (NVI) က နိုဝင်ဘာ ၂၃ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
လက်ရှိထုတ်လုပ်နေသော ကာကွယ်ဆေး ခုနစ်မျိုးထဲမှ နှစ်မျိုးအား တိရစ္ဆာန်များနှင့် အကြိမ်ကြိမ် စမ်းသပ်ရာတွင် ရာနှုန်းပြည့်အောင်မြင်ထိ ရောက်မှုရှိခြင်းကြောင့် လူသားများတွင် စမ်းသပ်တော့မည်ဖြစ်ကြောင်း ထိုင်း အမျိုးသားကာကွယ်ဆေးအင်စတီကျုအကြီးအကဲ ဒေါက်တာ နာခွန်းက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၊ ချူလာကာကွယ်ဆေးသုတေနဌာနမှ ဆောင်ရွက်နေသော mRNA နည်းပညာသုံး COVID-19 ကာကွယ်ဆေး နှစ်မျိုးအား လူသား စမ်းသပ်မှု အဆင့်-၂ အဖြစ် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာ နာခွန်းက ဆိုသည်။
အစမ်းသပ်ခံ စေတနာ့ဝန်ထမ်း ၇၂ ဦးဖြင့် စတင်ဆောင်ရွက်မည်ဖြစ်ပြီး အမှားအယွင်းမရှိဘဲ အောင်မြင်မှုရပါက စေတနာ့ဝန်ထမ်း ၆၀၀ ၌ တိုးမြှင့် စမ်းသပ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ထို့အပြင် ကာကွယ်ဆေး စမ်းသပ်မှု၏ နောက်ဆုံးအဆင့်ဖြစ်သော လူသားစမ်းသပ်မှု အဆင့်-၃ သည် လည်း ဧပြီလ၌ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဒေါက်တာ နာခွန်းက ပြော ကြားခဲ့သည်။
တိုးတက်ဖြစ်ထွန်းမှုများရှိလာနေသော အခြားကာကွယ်ဆေး ငါးမျိုးမှာ လည်း လက်ရှိတွင် တိရစ္ဆာန်များ၌ စမ်းသပ်မှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း ဒေါက်တာနာခွန်းက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရ သည်။
ထိုင်းနိုင်ငံသည် COVID-19 ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံစာပမာဏ ၂၆ သန်း ရရှိရန်အတွက် ဗြိတိန်ဆေးဝါးကုမ္ပဏီ AstraZeneca ထံမှ ဘတ် ၆ ဘီလီယံဖိုးအထိ ဝယ်ယူရန် စာချုပ်ချုပ်ဆိုထားပြီးဖြစ်ကြောင်းလည်း ရိုက်တာသတင်းဌာနက ဖော်ပြသွားခဲ့သည်။

















