မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားမှု အခြေအနေကြောင့်ရန်ကုန်တက္ကသိုလ်နှစ်(၁ဝဝ)ပြည့်ရာပြည့် အခမ်းအနားကို Virtual Event စနစ်ဖြင့်သာ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုး သိမ်းကြီးက ပြောသည်။
နိုဝင်ဘာ ၂၃ရက်က ရန်ကုန်တက္ကသိုလ် နှစ်(၁ဝဝ)ပြည့် ရာပြည့်သဘင်အခမ်းအနားကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ရန်ကုန်တိုင်း အစိုးရတို့ ပူးပေါင်း၍ကျင်းပခဲ့သည့်အစည်းအဝေးအတွင်း ဝန်ကြီးကအထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ရာပြည့်အခမ်းအနားကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန်စီစဉ်ထားသော်လည်း လက်ရှိအချိန်တွင် COVID-19 ဖြစ်ပွားမှုအခြေအနေကြောင့် ပြန်ကြားရေးဝန်ကြီးဌာန၏ အကူအညီကိုရယူ၍ Virtual Event စနစ် ဖြင့် ဆောင်ရွက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း၊ အဆိုပါအခမ်းအနားတွင်ကျင်းပရန်စီစဉ်ထားသည့် အစီအစဉ် ၁ဝဝ ဝန်းကျင်ခန့်ကိုလက်ရှိအချိန်၌ ပြန်ကြားရေးဝန်ကြီးဌာန၏ အကူအညီဖြင့်အစီအစဉ်အများစုကို ဆောင်ရွက်နေရကြောင်း၊ မြန်မာနိုင်ငံတွင်ကိုဗစ်စတင်ဖြစ်ပွားသည့် မတ်လနောက်ပိုင်းမှစတင်၍ရာပြည့်ပွဲနှင့်ပတ်သက်သည့် အားကစားပွဲများ၊ပျော်ပွဲရွှင်ပွဲများမှလွဲ၍ ကျန်အစီအစဉ်များကို ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာနကလည်း ရာပြည့်ပွဲနှင့်ပတ်သက်သည့် အစီအစဉ်များကို ရုပ်မြင်သံကြားမှတစ်ဆင့် ထုတ်လွှင့်ပြသပေးလျက်ရှိကာ ဝန်ကြီးဌာနလက်အောင်ရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအနေဖြင့်လည်းရာပြည့်ပွဲနှင့် သက်ဆိုင်သည်များကို ထုတ်ဝေဖော်ပြပေးလျက်ရှိကာအခြားဦးစီးဌာနများမှလည်း ပြပွဲပြိုင်ပွဲများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။ကိုဗစ်ဖြစ်ပွားနေမှုအခြေအနေကြောင့် ရာပြည့်ပွဲအခမ်းအနားကို လူစုလူဝေးဖြင့် မကျင်းပနိုင်သော်လည်း ယခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် Virtual Event စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကာ၊ပွဲနှင့်ပတ်သက်သည်များကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ဘေဘုတ်များဖြင့်ကြေညာကာအွန်လိုင်းစနစ်ဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်က ပြောသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ရန်ကုန်တက္ကသိုလ်နှစ်(၁ဝဝ)ပြည့်အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့သည်။
လက်ရှိအချိန်တွင် ရန်ကုန်တက္ကသိုလ် နှစ်(၁ဝဝ) ပြည့် ရာပြည့်အခမ်းအနားကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ ၁၇ ခုအား ဖွဲ့စည်းထားပြီး အဆိုပါကော်မတီများမှအစီအစဉ် ၇ဝ ခန့်ကိုအကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်ကြောင်းသိရသည်။
















