ဂျိုးဘိုင်ဒင်ကို ရွေးကောက်ခံသမ္မတအဖြစ် အသိအမှတ်ပြုရန် အဆင့်သင့် မဖြစ်သေးဟု ပူတင်ပြောကြား

ဂျိုးဘိုင်ဒင်ကို ရွေးကောက်ခံသမ္မတအဖြစ် အသိအမှတ်ပြုရန် အဆင့်သင့် မဖြစ်သေးဟု ပူတင်ပြောကြား

အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်အား အသိအမှတ် မပြုသေးသလို ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်အတွက် လည်း အဆင်သင့်မဖြစ်သေးကြောင်း ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ပြောကြားခဲ့သည်။ 

‘’အမေရိကန်ပြည်သူတွေက ယုံယုံကြည်ကြည်နဲ့ ရွေးချယ်တဲ့ မည်သူ မဆို ကျွန်တော်တို့ အတူတကွပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ အောင်နိုင်တဲ့ ကိုယ်စားလှယ်လောင်းအပေါ် ပြိုင်ဘက်ပါ တီက အသိအမှတ်ပြုယုံကြည်မှု ဒါမှမဟုတ် တရားဝင်ရလဒ်တွေ အပြီးသတ် ထုတ်ပြန်ပြီးမှသာလျှင် ဖြစ်ပါလိမ့်မယ်’’ ဟု ပူတင်က ရုရှားနိုင်ငံပိုင်ရုပ်သံမှ တစ်ဆင့် နိုဝင်ဘာ ၂၂ ရက်၌ ပြောကြားခဲ့သည်။

ယခုပြောဆိုချက်အရ ပူတင်အနေဖြင့် ရွေးကောက်ခံသမ္မတဂျိုးဘိုင် ဒင်အား အမေရိကန်ပြည်ထောင်စုအစိုးရ အကြီးအကဲအဖြစ် အသိအမှတ် မပြုနိုင်သေးသည့်သဘောမျိုး သက်ရောက်နေသည်။

ဘိုင်ဒင်၏ ရွေးကောက်ပွဲအောင်နိုင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက် ကြောင်း တရားဝင်ပြောဆိုခြင်းမရှိရလောက်အောင် ဖုံးကွယ်ထားသည့် အကြောင်းအရင်းမျိုးလည်း မရှိကြောင်း ပူတင်က ပြောကြားခဲ့သည်။

ထို့ အပြင် အမေရိကန်သမ္မတ မည်သူပင်ဖြစ်စေ ရုရှားအနေဖြင့် ပို၍ အကျိုး ယုတ်စရာမရှိကြောင်းနှင့် အမေရိကန်သည် ရုရှားအား ထိခိုက်စေသည့် ဆောင်ရွက်ချက်များ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့ သည်။

အမေရိကန်ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်ပြီး သမ္မတထရမ့်က တရားဥပဒေကြောင်းအရ ရင်ဆိုင်မှုများ ရှိနေခြင်းကြောင့် ရလဒ်များကို တရားဝင် ကြေညာပြီးမှသာလျှင် ရုရှားအနေဖြင့် လက်ခံမည်ဖြစ်ပြီး ထို အဆင့်သို့ မရောက်သေးကြောင်း ရုရှားအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။