မင်းကင်းမြို့၌ NLD ပါတီက အောင်နိုင်ရေးအတွက် ငွေပေး၍မဲဆွယ်စည်းရုံးသည်ဆိုကာ အမှုဖွင့်

မင်းကင်းမြို့၌ NLD ပါတီက အောင်နိုင်ရေးအတွက် ငွေပေး၍မဲဆွယ်စည်းရုံးသည်ဆိုကာ အမှုဖွင့်

နိုဝင်ဘာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မင်းကင်းမြို့နယ် NLD ပါတီလွှတ်တော်ကိုယ်စားလှယ်များ၏ ပါတီအောင်နိုင်ရေးအဖွဲ့များက ငွေပေး၍ပါတီကိုမဲပေးရန် မဲဆွယ်စည်းရုံးခဲ့ဟုဆိုကာ မင်းကင်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းက တရားလိုပြုလုပ် တိုင်တန်းထားကြောင်း သိရသည်။

ရွေးကောက်ပွဲကာလအတွင်း မင်းကင်းမြို့နယ် NLD ပါတီက ပါတီအနိုင်ရရေး လာဘ်လာဘပစ္စည်းများပေး၍ မဲဆွယ်စည်းရုံးခဲ့သည်ဆိုသည့်မငြိမ်းဌေး၊ ဒေါ်ခင်မွှေးလွင်နှင့် ဦးမျိုးနိုင်တို့အား အရေးယူပေးပါရန် နိုဝင်ဘာ ၂၂ ရက်က USDP ပါတီ၏မင်းကင်းမြို့နယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးဇော်မိုးလွင်က တရားလိုပြုတိုင်တန်းခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၇ ရက်က မင်းကင်းမြို့နယ် သင်တောကျေးရွာနေ မငြိမ်းဌေးသည် တစ်ရွာတည်းနေ မသင်းသင်းခိုင်ထံသွားပြီး ၎င်းသည် NLD ပါတီမှအမှတ်(၁)တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်မွှေးလွင်၏ မဲရုံအကူ ကိုယ်စားလှယ်ဦးမျိုးနိုင်ကလွှတ်၍လာခြင်းဖြစ်ကြောင်း NLD ပါတီကိုမဲပေးမည်ဆိုလျှင် စာသင်ကျောင်းဆောက်ရန် ခွဲတမ်းကြေးကျပ် ၅ဝ,ဝဝဝ ပေးရန်မလိုဘဲ ၎င်းတို့ ပေးမည်ဟု မဲဆွယ်စည်းရုံးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါတိုင်တန်းမှုကို မင်းကင်းမြို့မရဲစခန်းက (ပ)၁ဝ၆/၂ဝ၂ဝ တိုင်းဒေသကြီးလွှတ်တော်ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ ၅၈(က)အရ အမှုဖွင့်အရေးယူကာ အမှုစစ်ရဲအုပ်ဝင်းရွှေက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး