ကချင်ပြည်နယ် မံစီမြို့နယ် မံဝိန်းကြီးကျေးရွာ ရပ်ကွက်(၆)ရှိ နေအိမ်အား အမည်မသိလူနှစ်ဦးက ဆိုင်ကယ်ပေါ်မှအထုပ်တစ်ထုပ်အား ပစ်ချထားခဲ့ရာမှတစ်ဆင့် ထိုအထုပ်မှပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း နိုဝင် ၂၄ ရက်တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၂၃ ရက် ည ၈ နာရီ ၁၅ မိနစ်အချိန်ခန့်က မံဝိန်းကြီးကျေးရွာ၊ ရပ်ကွက်(၆)ရှိဦးထွန်းခင်၏နေအိမ်ရှေ့၌ အမည်မသိလူနှစ်ဦးက ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်ပေါ်မှနေ၍အထုပ်တစ်ထုပ်အားချသွားခဲ့ပြီး အဆိုပါအထုပ်အတွင်းပါရှိသည့် အသံမိုင်းတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိဘဲ နေအိမ်ရှေ့သံပန်းတံခါးအောက် လျှောက်လမ်းတစ်ပေခွဲခန့် ပျက်စီးခြင်း၊ အိမ်အရှေ့ဘက်ခြမ်း မှန်တံခါး ခြောက်ချပ်ကွဲကြေပျက်စီးခြင်း၊ အိမ်နံရံနှင့် အိမ်သွပ်မိုးတို့အား ကျောက်ခဲစများ ထိမှန်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
အခင်းဖြစ်နေရာသို့ နယ်မြေခံတပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက်၍ မိုင်းရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၁၅ရက်ကလည်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ၏ နေအိမ်လက်နက်ငယ်ဖြင့် တိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့သည်။
ထို့ပြင် နိုဝင်ဘာ ၂၁ ရက်ကလည်းရှမ်းပြည်နယ်(မြောက်ပိုင်း) အမျိုးသားလွှတ်တော်အမှတ်(၁)မှ အနိုင်ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်လောင်းသည်လည်း သေနတ်ဖြင့်လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသေးသည်။နိုဝင်ဘာ ၁၇ ရက်ကလည်း ရခိုင်ပြည်နယ် မောင်တောမြို့နယ် သာယာကုန်းကျေးရွာအနီး နင်းမိုင်းပေါက်ကွဲမှုကြောင့် လူသုံးဦးသေဆုံးခဲ့ကာ ခြောက်ဦးဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးကြောင်းသိရသည်။

















