မြန်မာ့ဂေါ် ဖီထုပ်များ ဝယ်လိုအားကောင်းနေ၍ မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်းဘက်သို့တင်ပို့လျက်ရှိ

မြန်မာ့ဂေါ် ဖီထုပ်များ ဝယ်လိုအားကောင်းနေ၍ မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်းဘက်သို့တင်ပို့လျက်ရှိ

ထိုင်းဘက်မှ ဝယ်လိုအားကောင်းသဖြင့် မြန်မာ့ဂေါ်ဖီထုပ်များအားမြဝတီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့နေ့စဉ်တင်ပို့နေရကြောင်း သိရသည်။

ထိုင်းနိုင်ငံမှထွက်သော ဂေါ်ဖီထုပ်သည် မြန်မာ့ဂေါ်ဖီထုပ်လောက်အလုံးမကြီးသလို အရသာအနေနှင့်မြန်မာက ပိုမိုကောင်းမွန်သောကြောင့်လည်းကောင်း၊ ယခုအချိန်တွင် ထိုင်းဘက်၌ ဂေါ်ဖီထုပ်များမပေါ်သေး၍လည်းကောင်း မြန်မာ့ဂေါ်ဖီထုပ်များအား ထိုင်းဘက်မှဝယ်ယူနေခြင်းဖြစ်သည်ဟု ဆိုသည်။

''ရှမ်းပြည်အောက်ပိုင်းက ဒီဂေါ်ဖီတွေကို ဝယ်ယူရတာဖြစ်ပါတယ်။မဲဆောက်က အမှာရှိလို့ အခုလိုဝယ်ယူတင်ပို့နေတာပေါ့။ ဘန်ကောက်၊ဖူးခက်၊ ချွန်ပူလီ၊ ချင်းမိုင်၊ ပတ္တယားအစရှိတဲ့ထိုင်းနိုင်ငံအတွင်းကမြို့တွေအထိ မြန်မာ့ဂေါ်ဖီတွေကို မဲဆောက်ကုန်သည်တွေက ထပ်ဆင့်တင်ပို့ပေးကြတာဖြစ်ပါတယ်။ ကျွန်တော်တစ်ဦးတည်းအနေနဲ့ နေ့စဉ် ၁၂ ဘီးကားကြီးနှစ်စီးစာ တင်ပို့နေရပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ ထိုင်းဘက်က မြန်မာ့ဂေါ်ဖီတစ်ကီလိုကို ခြောက်ဘတ်ခွဲ(၆ ဒသမ ၅ ဘတ်) စျေးပေးပါတယ်။ကျွန်တော်တို့က ရှမ်းပြည်နယ် အောင်ပန်းဘက်ကနေ ဂေါ်ဖီကို ခင်းလုံးပြတ်ဝယ်ပါတယ်။ ဥပမာ တစ်ခင်းကို ၁၅ သိန်း၊ သိန်း ၂ဝ အဲလိုပုတ်ပြတ်ဝယ်ပါတယ်။ ဂေါ်ဖီတစ်ခင်းမှာ တစ်ဧကဆိုရင် အလုံး ၁၅ဝဝဝ ခန့်ပျမ်းမျှရှိတာပေါ့။ လမ်းခရီးအနေနဲ့ကတော့အောင်ပန်းကနေ မနက်ပိုင်းထွက်လာရင် မြဝတီကို နောက်တစ်နေ့ရောက် ပေမယ့် အခုချိန်က ကိုဗစ်ရောဂါထိန်းချုပ်စစ်ဆေးမှုကြောင့် လမ်းမှာ နှစ်ညအိပ်လောက်ကြာတာပေါ့''ဟု ထိုင်းဘက်သို့ ဂေါ်ဖီထုပ်တင်ပို့နေသည့်ဂေါ်ဖီထုပ်ကုန်သည် ကိုဇော်ဇော်ထွန်းက ပြောသည်။

ထိုင်းဘက်မှ ဂေါ်ဖီထုပ်ပေါ်လျှင်ယခုလို တစ်ကီလို ခြောက်ဘတ်ခွဲစျေးမရတော့ဘဲ ငါးဘတ်သာရရှိကြောင်း၊သို့သော်လည်း ထိုင်းဂေါ်ဖီပေါ်ချိန်မှာ တစ်လခွဲခန့်သာရှိသည့်အတွက်မြန်မာ့ဂေါ်ဖီထုပ်များကို ၁၂ ရာသီတင်ပို့နေရကြောင်း ၎င်းက ဆက်လက်ပြောပြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး