အာဖဂန်နစ္စတန်၌ လွန်ခဲ့သော ၁၄ နှစ်အတွင်း တစ်ရက်လျှင် ကလေး ငါးဦး သေဆုံး

အာဖဂန်နစ္စတန်၌ လွန်ခဲ့သော ၁၄ နှစ်အတွင်း တစ်ရက်လျှင် ကလေး ငါးဦး သေဆုံး

စစ်ဖြစ်နေသည့် အာဖဂန်နစ္စတန်နိုင်ငံ၌ လွန်ခဲ့သော ၁၄ နှစ်အတွင်း တစ်ရက်လျှင် ကလေး ငါးဦး သေဆုံး သို့မဟုတ် ဒဏ်ရာရရှိနေကြောင်း Save the Children ပရဟိတအဖွဲ့က ပြောဆိုခဲ့သည်။

၂၀၀၅ မှ ၂၀၁၉ ခုနှစ်အတွင်း ကလေး ၂၆၀၂၅ ဦး သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂစာရင်းအင်းများအရသိရှိရသည်ဟု ပရဟိတအဖွဲ့ကပြောဆိုခဲ့သည်။

ဂျနီဗာ၌ လာမည့်အပတ်တွင် ပြုလုပ်မည့် အစည်းအဝေးတွင် ကလေးများအား ကာကွယ်ပေးနိုင်ရေးအတွက် အဓိကထားဆွေးနွေးကြရန် Save the Children က အလှူရှင်နိုင်ငံများအား တိုက်တွန်းခဲ့သည်။

အာဖဂန်နစ္စတန်၌ ငြိမ်းချမ်းရေးဆွေးနွေးမှုများ တိုးတက်မှုမရရှိဘဲရှိနေချိန်တွင် အမေရိကန်တပ်များကလည်း ပြန်လည်ဆုတ်ခွာနေပြီး အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားလာနေသည်။

အာဖဂန်နစ္စတန်သည် ကလေးငယ်တစ်ဦးအဖြစ် အသက်ရှင်သန်နေထိုင်ရန် အန္တရာယ်အများဆုံးနိုင်ငံ ၁၁ နိုင်ငံတွင် ပါဝင်ကြောင်း Save the Children က ပြောဆိုခဲ့သည်။

အာဖဂန်နစ္စတန်ရှိ လက်နက်ကိုင်ပဋိပက္ခအတွင်း ၂၀၁၉ ခုနှစ်သည် ကလေး သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုအများဆုံး နှစ်ဖြစ်ခဲ့ပြီး ကလေး ၈၇၄ ဦး သေဆုံးပြီး ၂၂၇၅ ဦး ဒဏ်ရာရရှိခဲ့သည်။

ယမန်နှစ်တွင် သေဆုံး သို့မဟုတ် ဒဏ်ရာရရှိသည့် ကလေးများအနက် သုံးပုံနှစ်ပုံကျော်သည် ယောကျာ်းလေးများဖြစ်ကြပြီး ၎င်းတို့သည် အစိုးရဆန့်ကျင်ရေးတပ်များနှင့် အစိုးရလိုလားသည့် တပ်များကြား ပေါက်ကွဲစေတတ်သော ပစ္စည်းများအသုံးပြုမှုကြောင့်ဖြစ်ကြောင်း ပရဟိတအဖွဲ့၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန်တပ်များ၏ ပစ်ကူရထားသည့် အာဖရန်အစိုးရတပ်များနှင့် တာလီဘန်၊ အခြားသူပုန်တပ်များကြား တိုက်ခိုက်မှုများအတွင်း စာသင်ကျောင်းများ ပုံမှန်ပစ်မှတ်ထားခံခဲ့ရသည်။

၂၀၁၇ မှ ၂၀၁၉ ခုနှစ်အတွင်း စာသင်ကျောင်းများအပေါ် တိုက်ခိုက်မှု ၃၀၀ ကျော်ရှိခဲ့သည်။

လေကြောင်း တိုက်ခိုက်မှု သို့မဟုတ် အသေခံဗုံးခွဲမှုကြောင့် ယနေ့သည် ကိုယ့်ကလေးကို နောက်ဆုံးမြင်တွေ့ရသည့် နေ့ဖြစ်သွားနိုင်သည်ဆိုသည့် အတွေးဖြင့် အာဖဂန်မိဘများနေထိုင်နေရကြောင်း ပရဟိတအဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုပြီးနောက် အမေရိကန်တပ်များက တာလီဘန်များက တိုက်ခိုက်ချိန် ၂၀၀၁ ခုနှစ်ကတည်းက အာဖဂန်နစ္စတန်၌ စစ်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

ကနဦးတွင် တာလီဘန်များကို ဖယ်ရှားနိုင်ခဲ့သော်လည်း အစွန်းရောက်အဖွဲ့သည် အင်အားပြန်လည်စုစည်းနိုင်ခဲ့ပြီး ယခုအချိန်တွင် နယ်မြေများစွာကို ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်သည်။