တရုတ်နိုင်ငံ တီယံကျင်းမြို့ရှိ COVID-19 ကူးစက်သူနှစ်ဦးသည် မြောက်အမေရိကမှ တင်ပို့သော ဝက်ခေါင်းများမှတစ်ဆင့် ကူးစက်ခံခဲ့ရသူများဖြစ်ကြောင်း တီယံကျင်းမြို့မှအရာရှိတစ်ဦးက နိုဝင်ဘာ ၂၄ ရက်တွင် ပြောဆိုခဲ့သည်။
သို့သော် အဆိုပါဝက်ခေါင်းအားလုံး၌ COVID-19 ရှိမရှိစစ်ဆေးမှုမပြုရသေးကြောင်း တီယံကျင်းရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနမှအရာရှိ ကျန်းယင်ကပြောဆိုခဲ့သည်။
ဝက်ခေါင်းများကို အအေးခန်းမှထုတ်ယူစဉ် ယင်းခေါင်းများ ပြုတ်ကျခဲ့သည့် နေရာကို စစ်ဆေးကြည့်ရာ COVID-19 ဖြစ်စေသည့် ဗိုင်းရပ်စ်များကို တွေ့ရှိခဲ့ပြီး ယင်းအတည်ပြုလူနာနှစ်ဦးသည် ဝက်ခေါင်းများနှင့် ထိတွေ့ခဲ့သူများဖြစ်ကြကြောင်း ကျန်းကပြောဆိုခဲ့သည်။
ဂျာမနီတင်ပို့သော ဝက်သားများကို ကိုင်တွယ်ရသည့် ဝန်ထမ်းတစ်ဦး COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် မြို့ရှိ အအေးခန်းများ၌ ဗိုင်းရပ်စ်ရှိမရှိနှင့် ဝန်ထမ်းများ COVID-19 ကူးစက်ခံထားရခြင်းရှိမရှိ စစ်ဆေးမည်ဖြစ်ကြောင်း မြို့အာဏာပိုင်များက ယခုလအစောပိုင်းတွင် ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံ၌ နိုဝင်ဘာ ၂၄ ရက်တွင် COVID-19 ကူးစက်သူသစ် ငါးဦးရှိခဲ့ပြီး နိုဝင်ဘာ ၂၃ ရက်တွင်ရှိခဲ့သည့် ၂၂ ဦးမှ ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်ကပြောဆိုခဲ့သည်။
တရုတ်နိုင်ငံ၌ COVID-19 ကူးစက်သူ ၈၆၄၆၉ ဦးရှိနေပြီး သေဆုံးသူဦးရေသည် ၄၆၃၄ ဦးမှ တိုးလာခြင်းမရှိချေ။

















