ထိုင်းတော်ဝင်မိသားစုအပေါ် အသရေဖျက်မှုဖြင့် ဆန္ဒပြခေါင်းဆောင် ၁၂ ဦးကို ရဲတပ်ဖွဲ့ ဆင့်ခေါ်

ထိုင်းတော်ဝင်မိသားစုအပေါ် အသရေဖျက်မှုဖြင့် ဆန္ဒပြခေါင်းဆောင် ၁၂ ဦးကို ရဲတပ်ဖွဲ့ ဆင့်ခေါ်

ထိုင်းတော်ဝင်မိသားစုအပေါ် အသရေဖျက်မှုဖြင့် အမှုဖွင့်ခံထားရမှုကို ဖြေရှင်းရန်အတွက် ဆန္ဒပြခေါင်းဆောင် ၁၂ ဦးကို ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၅ ရက်တွင် ဆင့်ခေါ်ခဲ့သည်။

တော်ဝင်မိသားစုအပေါ် ဝေဖန်ပြောဆိုခြင်းမပြုရန် ပိတ်ပင်ထားသည့် တော်ဝင်မိသားစုဆိုင်ရာဥပဒေကို သက်ရောက်ခွင့်ပြုကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက လွန်ခဲ့သောအပတ်တွင် ပြောဆိုခဲ့သည်။

ယင်းဥပဒေအရ အပြစ်ရှိကြောင်း ထင်ရှားပါက ထောင်ဒဏ် သုံးနှစ်မှ ၁၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်သည်။

ထိုင်းနိုင်ငံ၌ ဝန်ကြီးချုပ်ပရာယွတ် ချန်အိုချာ နုတ်ထွက်ပေးရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲပေးရန်နှင့် ထိုင်းဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲပေးရန် လူငယ်များဦးဆောင်ပြီး ဆန္ဒထုတ်ဖော်နေသည်မှာ လအနည်းငယ်ကြာမြင့်ခဲ့ပြီဖြစ်သည်။

လွန်ခဲ့သောအပတ်တွင် ထိုင်းလွှတ်တော်ရှေ့၌ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ဝင်များက မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများသုံးပြီး လူစုခွဲခဲ့သည်။

လူစုခွဲမှုအတွင်း လူ ၅၅ ဦးဒဏ်ရာရရှိပြီး ခြောက်ဦး ပစ်ခတ်ခံခဲ့ရသည်။

သေနတ်ပစ်ခတ်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

ဘန်ကောက်မြို့လယ်ရှိ ရဲတပ်ဖွဲ့ရုံးချုပ်တစ်ဝိုက်တွင် ဘုရင်စနစ်ဆန့်ကျင်ရေး နံရံဆေးရေးများကို ရေးချယ်ခဲ့ကြပြီး နံရံများ၌လည်း သုတ်ဆေးများကို ဖြန်းပက်ခဲ့ကြသည်။

ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံးဟု ဆိုနိုင်သည့် တော်ဝင်မိသားစုဆိုင်ရာဥပဒေကို အတည်ပြုထားသည်။ တော်ဝင်မိသားစုနှင့်ပတ်သက်၍ အွန်လိုင်းမှတစ်ဆင့် ဝေဖန်မှု၊ ယင်းဝေဖန်မှုများကို ပြန်လည်မျှဝေမှုများကိုလည်း ပြစ်မှုအဖြစ် သတ်မှတ်ထားသည်။

လူ့အခွင့်အရေးရှေ့နေ အနွမ် နမ်ပါ၊ ကျောင်းသားခေါင်းဆောင် ပါရစ် ပင်ဂွင်း ချီဝါရတ်အပါအဝင် ဆန္ဒပြခေါင်းဆောင် ၁၂ ဦးကို ရဲတပ်ဖွဲ့က ဆင့်ခေါ်ထားကြောင်း လူ့အခွင့်အရေးအတွက် ထိုင်းရှေ့နေများအသင်းကပြောဆိုခဲ့သည်။