မလေးရှားနိုင်ငံ၌ နိုဝင်ဘာ ၂၄ ရက်တွင် COVID-19 ကူးစက်သူသစ် ၂၁၈၈ ဦးဖြင့် စံချိန်တင်ရှိခဲ့ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
မလေးရှား၌ တစ်ရက်အတွင်း ကူးစက်သူသစ် ၂၀၀၀ ကျော်ပထမဆုံးအကြိမ်ရှိခဲ့ခြင်းဖြစ်သည်။
မလေးရှား၌ COVID-19 ကူးစက်သူ ၅၈၈၄၇ ဦးရှိနေပြီဖြစ်သည်။
မလေးရှားရှိ ကူးစက်သူ ၁၄၃၅၃ ဦးသည် ပိုးရှိနေဆဲဖြစ်ပြီး အခြားလူများကို ဆက်လက်ကူးစက်စေနိုင်ဆဲဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မလေးရှား၌ နိုဝင်ဘာ ၂၃ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၈၈၄ ဦးရှိခဲ့သည်။
ထို့ပြင် နိုဝင်ဘာ ၂၄ ရက်တွင် COVID-19 ဖြင့်သေဆုံးသူသစ် လေးဦးရှိခဲ့ပြီး ၎င်းတို့အနက် သုံးဦးသည် ဆာဘားမှဖြစ်ပြီး တစ်ဦးသည် ပီနန်မှဖြစ်သည်။ မလေးရှား၌ COVID-19 ဖြင့်သေဆုံးသူ ၃၄၁ ဦးရှိနေပြီဖြစ်သည်။
လက်ရှိအချိန်တွင် အထူးကြပ်မတ်ကုသဆောင်၌ ကုသမှုခံယူနေရသူ ၁၁၂ ဦးရှိနေပြီး ၎င်းတို့အနက် ၄၉ ဦးသည် အသက်ရှူအကူစက်ဖြင့် နေထိုင်နေရသည်။
နိုဝင်ဘာ ၂၄ ရက်တွင် ရှိခဲ့သည့် ကူးစက်သူသစ်အားလုံးသည် ပြည်တွင်းကူးစက်သူများဖြစ်ကြပြီး ဆီလန်ဂါ၌ ၁၆၂၃ ဦးဖြင့် ကူးစက်သူသစ်စုစုပေါင်း၏ ၇၄ ဒသမ ၂ ရာခိုင်နှုန်းရှိနေသည်။
ဆီလန်ဂါကူးစက်မှုသည် တီရာတိုင်အစုလိုက်အပြုံလိုက်ကူးစက်မှုနှင့်ဆက်စပ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် နူး ဟီရှမ် အဗ္ဗဒူလာကပြောဆိုခဲ့သည်။
တီရာတိုင်အစုလိုက်အပြုံလိုက်ကူးစက်မှုသည် ဆီလန်ဂါရှိ သားရေလက်အိတ်ထုတ်လုပ်ရေးလုပ်ငန်း Top Glove ၏စက်ရုံများရှိ ကူးစက်မှုနှင့် ဆက်စပ်နေသည်။

















