အမေရိကန်ပြည်ထောင်စု ပြန်လည်ဦးဆောင်ရန် အသင့်ရှိနေကြောင်း ဂျိုးဘိုင်ဒင် ပြော

အမေရိကန်ပြည်ထောင်စု ပြန်လည်ဦးဆောင်ရန် အသင့်ရှိနေကြောင်း ဂျိုးဘိုင်ဒင် ပြော

အမေရိကန်ပထမဆိုသည့် လမ်းစဉ်ကို ရုပ်သိမ်းပြီး နိုင်ငံတကာအလယ်တွင် အမေရိကန်ပြည်ထောင်စုပြန်လည်ပါဝင်ကာ ဦးဆောင်ရန် အသင့်ရှိနေကြောင်း အမေရိကန်သမ္မတအဖြစ်ရွေးကောက်ခံထားရသည့် ဂျိုးဘိုင်ဒင်က နိုဝင်ဘာ ၂၄ ရက်တွင် ပြောဆိုခဲ့သည်။

လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန် ပထမဆိုသည့် လမ်းစဉ်ကို ကျင့်သုံးခဲ့မှုကြောင့် မဟာမိတ်များနှင့် ဆက်ဆံရေးထိခိုက်ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံထားရသည့် အန်ထော်နီ ဘလင်ကန်ပါဝင်သော ၎၏နိုင်ငံခြားရေးမူဝါဒအဖွဲ့သည် နိုင်ငံတကာဆက်ဆံရေးတွင် ရှေးထုံးစဉ်လာအတိုင်း ပြန်လည်ကျင့်သုံးမည်ဖြစ်ကြောင်း ဘိုင်ဒင်ကပြောဆိုခဲ့သည်။

အမေရိကန် ပြန်လာပြီဖြစ်ပြီး ရန်သူများကို ထိပ်တိုက်ဆုံကာ မဟာမိတ်များနှင့် ရင်းနှီးသော ဆက်ဆံရေးထားရှိမည့် အဖွဲ့ဖြစ်ကြောင်း ဘိုင်ဒင်က ဒီလာဝဲပြည်နယ်ရှိ မွေးရပ် ဝီလ်မင်တန်၌ ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ပြောဆိုခဲ့သည်။

ဘိုင်ဒင်သည် ဂျိတ် ဆဲလီဗန်အား အမျိုးသားလုံခြုံရေးအကြံပေး၊ လန်ဒါ တောမတ်စ် ဂရင်းဖီးအား ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး၊ အလဲယန်ဒရို မေယာကတ်စ်အား အမိမြေလုံခြံုရေးဝန်ကြီးနှင့် ဂျွန်ကယ်ရီအား ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အမေရိကန်ကိုယ်စားလှယ်တို့အဖြစ် အမည်စာရင်းတင်သွင်းထားသည်။

ကမ္ဘာ့နိုင်ငံခေါင်းဆောင် ၂၀ ခန့်က ၎င်းဆီသို့ ဖုန်းဆက်ပြီး ဂုဏ်ပြုစကားပြောဆိုခဲ့ပြီးဖြစ်ကြောင်း ဘိုင်ဒင်က ပြောဆိုခဲ့သည်။

မဟာမိတ်များနှင့် ရင်းနှီးစွာဆက်ဆံမှုကြောင့် အမေရိကသည် စစ်ဆင်နွဲစရာမလိုဘဲ လုံခြံုမှုရှိနေမည်ဖြစ်ကြောင်း ဘိုင်ဒင်ကပြောဆိုခဲ့သည်။

ရွေးကောက်ပွဲရှုံးနိမ့်မှုကို မည်သည့်အခါမျှ လက်ခံမည်မဟုတ်ကြောင်း ပြောဆိုထားသည့် ထရမ့်က တရားဝင်အာဏာလွှဲပြောင်းမှုဖြစ်စဉ်စတင်ရမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၃ ရက်တွင် ပြောဆိုခဲ့သည်။

ဘိုင်ဒင်အနေဖြင့် ထောက်လှမ်းရေးအဖွဲ့များ၏နေ့စဉ်အစီရင်ခံမှုကို စတင်နိုင်ပြီဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။