ဗြိတိန်အစိုးရ တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများဝယ်ယူရာတွင် ပေါင် ၁၀ ဘီလီယံကျော် အပိုကုန်ကျခဲ့

ဗြိတိန်အစိုးရ တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများဝယ်ယူရာတွင် ပေါင် ၁၀ ဘီလီယံကျော် အပိုကုန်ကျခဲ့

ဗြိတိန်အစိုးရသည် COVID-19 ကူးစက်ရောဂါဖြစ်ပွားမှုမရှိမီတွင် ကြိုတင်ကာကွယ်ရန် ပျက်ကွက်ခဲ့ပြီး ဖြစ်ပွားချိန်တွင် သိုလှောင်ထားသည့် တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်း(PPE) ပမာဏနည်းပါးလွန်းသဖြင့် ယင်းပစ္စည်းများရရှိစေရန် ပုံမှန်စျေးနှုန်းထက် ငါးဆပိုပေးကာ ဝယ်ယူခဲ့ရသောကြောင့် အခွန်ဆောင်ပြည်သူများ၏ ငွေ ပေါင် ၁၀ ဘီလီယံ ပိုမိုကုန်ကျခဲ့ကြောင်း အမျိုးသားစာရင်းစစ်ရုံး၏ ထုတ်ပြန်ချက်အရသိရသည်။

ယခုနှစ်အစောပိုင်းတွင် ဗြိတိန်နိုင်ငံတစ်ဝန်း COVID-19 ကူးစက်မှုရှိနေချိန်တွင် PPE ဝတ်စုံများ လုံလောက်စွာမရရှိခဲ့ကြောင်း ဆရာဝန်နှင့် သူနာပြုသုံးပုံတစ်ပုံတို့က ပြောဆိုခဲ့သည်။

ဝတ်ရုံများနှင့် နှာခေါင်းစည်းများကို ပိုမိုဝယ်ယူထားသင့်ကြောင်း အစိုးရ၏ထိပ်တန်းသိပ္ပံအကြံပေးများက ယမန်နှစ်တွင် တိုက်တွန်းပြောဆိုခဲ့သော်လည်း ကူးစက်ရောဂါဖြစ်ပွားချိန်တွင် တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများ မလုံလောက်ခဲ့ကြောင်း အမျိုးသားစာရင်းစစ်ရုံး၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစိုးရသည် COVID-19 ထက် တုပ်ကွေးရောဂါအတွက်သာ ကြိုတင်ပြင်ဆင်ခဲ့သောကြောင့် COVID-19 ဖြစ်ပွားချိန်တွင် PPE များကို ရက်သတ္တပတ်နှစ်ပတ်စာသာ စုဆောင်းထားနိုင်ခဲ့သည်။

ယင်းကြောင့် အစိုးရသည် ဖေဖော်ဝါရီမှ ဇူလိုင်အတွင်း တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများဝယ်ယူရန်အတွက် ပေါင် ၁၂ ဒသမ ၅ ဘီလီယံ( ဒေါ်လာ ၁၆ ဒသမ ၆ ဘီလီယံ) သုံးစွဲခဲ့ရပြီး ယင်းသည် ယမန်နှစ်တွင် ဝယ်ယူလျှင် ကုန်ကျမည့်စရိတ်ထက် ပေါင် ၁၀ ဘီလီယံကျော် ပိုမိုကုန်ကျခဲ့သည်။

မတန်တဆပေးရသည့် ကုန်ကျစရိတ်များတွင် အသက်ရှူစက်ပါသည့် နှာခေါင်းစည်းအတွက် မူလကုန်ကျစရိတ်ထက် ၁၆၆ ရာခိုင်နှုန်း၊ ရုပ်အလောင်းထည့်အိတ်များအတွက် မူလကုန်ကျစရိတ်ထက် ၁၃၁၀ ရာခိုင်နှုန်း ပိုမိုပေးကာ ဝယ်ယူခဲ့ရမှုများပါဝင်သည်။

သို့သော် ဝယ်ယူသည့် ပစ္စည်း ၃၂ ဘီလီယံအနက် ၁၀ ရာခိုင်နှုန်းအောက်သာ ပထမလှိုင်းအတွင်းရောက်ရှိခဲ့ကြောင်း စာရင်းစစ်ရုံးကပြောဆိုခဲ့သည်။

အစိုးရသည် ကူးစက်ရောဂါအခြေအနေကို နားလည်ရန် နောက်ကျခဲ့ပြီး နားလည့်သည့်အချိန်တွင်လည်း တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများကို ဝယ်ယူရန် အသည်းအသန်ကြိုးပမ်းခဲ့ရကြောင်း အောက်လွှတ်တော်ရှိ အများပြည်သူအသုံးစရိတ်ဆိုင်ရာကော်မတီအကြီးအကဲ အတိုက်အခံအမတ် မက် ဟီလီယာကပြောဆိုခဲ့သည်။