UEC ကို အရေးယူပေးရန် ပြည်ခိုင်ဖြိုးအပါအဝင် ၁၉ ပါတီက သမ္မတထံတိုင်ကြား

UEC ကို အရေးယူပေးရန် ပြည်ခိုင်ဖြိုးအပါအဝင် ၁၉ ပါတီက သမ္မတထံတိုင်ကြား

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်နေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) အပါအဝင် နိုင်ငံရေးပါတီ ၁၉ ပါတီခေါင်းဆောင်များက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကို အရေးယူပေးရန် နိုင်ငံတော်သမ္မတထံသို့ စာပေးပို့တိုင်ကြားလိုက်ကြောင်း သိရသည်။

ယင်း ၁၉ ပါတီမှ ခေါင်းဆောင်များ လက်မှတ်ရေးထိုးထားသည့် နိုဝင်ဘာ ၂၄ ရက် ရက်စွဲတပ်ထားသော သမ္မတထံ တိုင်ကြားစာကို ပြည်ခိုင်ဖြိုးပါတီ၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာများနှင့် ပါတီအချို့၏ လူမှုကွန်ရက်များတွင် ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။

ယင်းတိုင်ကြားစာကို “ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအား ကျော်လွန်လုပ်ဆောင်ကာ ဥပဒေက ပေးအပ်ထားသော တာဝန်များပျက်ကွက်နေသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား အရေးယူပေးပါရန်” ဟူသည့် ခေါင်းစဉ်တပ်ထားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခုတိုင်ကြားစာကို နိုဝင်ဘာ ၂၄ ရက်နေ့က သမ္မတထံသို့ ပေးပို့လိုက်ပြီဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီအပါအဝင် ၁၆ ပါတီက လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီးရွေးကောက်ပွဲကို ပြန်လည်စိစစ်ပေးရန် တောင်းဆိုမှု မအောင်မြင်၍ ထပ်မံထုတ်ပြန်ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အတွင်း ပါဝင်လက်မှတ်ရေးထိုးထားသော မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက မြန်မာတိုင်းမ်သို့ပြောသည်။

“ ဒါက Second Step ပါ။ First Step မှာ UEC က ဘာမှအကြောင်းမပြန်တဲ့အခါကျတော့ UEC ကို တာဝန်ခံထားတဲ့အစိုးရဆီကိုပဲ ပို့ရတာပေါ့လေ ” ဟု ၎င်းက ပြောသည်။ ယခုထုတ်ပြန်ချက် မအောင်မြင်ပါက တတိယအဆင့်ထပ်မံ လုပ်ဆောင်ရန်လည်း ကျန်ရှိနေသေးပြီး ယင်းအဆင့်ကိုမူ ထုတ်ဖော်မပြောနိုင်သေးကြောင်း ဉီးကျော်စွာစိုးက ပြောသည်။

“ ကျွန်တော်တို့မနက်ဖန်(နိုဝင်ဘာ ၂၆)မှာ အစည်းအဝေးလုပ်ဖို့ ရှိပါတယ်။ အဲဒီမှာ အစည်းအဝေးလုပ်ပြီးတော့မှ ဘာတွေ ဆက်လုပ်ကြမလဲဆိုတာ ထွက်လာမှာပါ ” ဟု ၎င်းက ပြောသည်။

ယခုထုတ်ပြန်ချက်အတွင်း ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲကော်မရှင်သည် လုပ်ဆောင်ရမည် ဖြစ်သော်လည်း ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် မလိုလားအပ်သော တရားမဲ့ပြုကျင့်မှု အမြောက်အများဖြစ်ပေါ်စေခဲ့သဖြင့် လွတ်လပ်၍ တရားမျှတသော၊ ပွင့်လင်းမြင်သာသော၊ သမာသမတ်ကျသော ရွေးကောက်ပွဲတစ်ခုအဖြစ် သတ်မှတ်၍မရနိုင်သည့်အခြေအနေဖြစ်ကြောင်း ယင်း ၁၉ ပါတီ၏ ပူးပေါင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကော်မရှင်၏ ကိုင်တွယ်ဆောင်ရွက်မှု၊ ကြီးကြပ်ကွပ်ကဲမှုအားနည်းချက်ကြောင့် မဲစာရင်းစောင့်ကြည့်စစ်ဆေးခွင့် မရခြင်း၊ ကြိုတင်မဲပေးခြင်း ဖြစ်စဉ်များတွင် အားနည်းချက်များစွာရှိခြင်း၊ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို တပြေးညီဆောင်ရွက်ခွင့်မရခြင်း၊ Voter စလစ်ဖြင့် မဲပေးခွင့်ပြုခြင်းကြောင့် အမှန်တကယ် မဲပေးခွင့်ရှိသူများဟုတ်၊ မဟုတ်စစ်ဆေး ကန့်ကွက်ခွင့်မရခဲ့ခြင်းတို့ဖြစ်ပေါ်ခဲ့ရကြောင်း ယင်းထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

UEC သည် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် ဆန့်ကျင်သည့် အမိန့်ကြေညာချက်များ ထုတ်ကာ ရွေးကောက်ပွဲကို စံငါးချက်နှင့်အညီ လွတ်လပ်၍တရားမျှတစွာကျင်းပနိုင်ရန် ပျက်ကွက်ခဲ့သည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသော တာဝန်များကို ထမ်းဆောင်ရန်ပျက်ကွက်သော UEC ကို သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်အရ ဥပဒေနှင့်အညီ ဆောလျင်စွာစုံစမ်းစစ်ဆေးအရေးယူပေးရန် အသိပေး တိုင်ကြားကြောင်း ၁၉ ပါတီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခုရွေးကောက်ပွဲတွင် တရားမမျှတသည့် ဖြစ်ရပ်အချို့ ရှိခဲ့သည်ဟုဆိုသော်လည်း ရွေးကောက်ပွဲတစ်ခုလုံး၏ ရလဒ်မှာ တရားမျှတမှုရှိသည်ဟု ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များက ဆိုထားသည်။

ထို့ပြင် အခြားနိုင်ငံရေးပါတီများအပါအဝင် ပြည်ပ နိုင်ငံ့ခေါင်းဆောင်များက ယခုရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီအနိုင်ရခဲ့ခြင်းကို ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာများ အသီးသီးပေးအပ်ထားခဲ့ကြပြီးဖြစ်သည်။



ဖတ်ရှုမှုအများဆုံး