အမျိုးသမီးလစဉ်သုံးပစ္စည်းအခမဲ့ထောက်ပံ့ပေးမည့် အဆိုကို စတော့တလန်လွှတ်တော်က နိုဝင်ဘာ ၂၄ ရက်တွင် အတည်ပြုလိုက်ပြီဖြစ်သောကြောင့် စကော့တလန်သည် ယင်းကဲ့သို့ ထောက်ပံ့မည့် ပထမဆုံးနိုင်ငံဖြစ်လာခဲ့ပြီဖြစ်သည်။
အများပြည်သူဆိုင်ရာအဆောက်အအုံများတွင် အမျိုးသမီးလစဉ်သုံးပစ္စည်းများကို အခမဲ့ထုတ်ယူခွင့်ပြုသည့် လစဉ်သုံးပစ္စည်းဥပဒေကြမ်းကို စကော့တလန်လွှတ်တော်အမတ်များက တစ်ညီတစ်ညွတ်တည်းမဲပေးထောက်ခံခဲ့ကြသည်။
လစဉ်သုံးပစ္စည်း ပြတ်လပ်မည်ကို စိုးရိမ်စရာလိုအပ်တော့မည်မဟုတ်ကြောင်း ဥပဒေကြမ်းကို တင်သွင်းခဲ့သည့် အမတ် မော်နီကာ လန်နွန်ကပြောဆိုခဲ့သည်။
စကော့တလန်၌ ကျောင်းသူများသည် လစဉ်သုံးပစ္စည်းများ အခမဲ့ရရှိနေသော်လည်း ဥပဒေကြမ်းကြောင့် ဝန်ကြီးများသည် ယင်းပစ္စည်းများကို တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် လွယ်လင့်တကူရရှိအောင် စီမံရတော့မည်ဖြစ်သည်။
ဥပဒေကြမ်းသည် တစ်ကမ္ဘာလုံးတွင် ပထမဆုံးဖြစ်သော်လည်း စာသင်ကျောင်းများသည် လစဉ်သွေးဆင်းမှုနှင့်ပတ်သက်၍ အဆိုးမြင်မှုများပပျောက်အောင် လုပ်ဆောင်ရာတွင် စာသင်ကျောင်းများသည် ဦးဆုံးဖြစ်သင့်ကြောင်း လန်နွန်ကပြောဆိုခဲ့သည်။
စကော့တလန်သည် မည်သည့်နိုင်ငံမျိုးဖြစ်လိုသည်ကို ဥပဒေကြမ်းက ပြသနေကြောင်း ရပ်ကွက်ကျေးရွာနှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးဆိုင်ရာ ဝန်ကြီးအဖွဲ့ဝင် အိုင်လင်း ကမ့်ဘဲကပြောဆိုခဲ့သည်။
စကော့တလန်သည် ကျားမတန်းတူညီမျှမှုရှိသည့် နိုင်ငံဖြစ်ပြီး လစဉ်သွေးဆင်းမှုကိုတားဆီးရန် ဂုဏ်သိက္ခာမဲ့စွာ ကြိုးပမ်းနေရသူ မရှိသည့် နိုင်ငံဖြစ်ကြောင်း ကမ့်ဘဲကပြောဆိုခဲ့သည်။
ယခုဥပဒေကြမ်းအား ထောက်ခံမဲပေးရသည့်အတွက် ဂုဏ်ယူမိကြောင်း စကော့တလန်ဝန်ကြီးချုပ် နီကိုလာ စတာဂျီယံကပြောဆိုခဲ့သည်။

















