ပြင်သစ်နိုင်ငံ၌ ခရစ္စမတ်ကာလမတိုင်မီတွင် စျေးဆိုင်များ၊ ရုပ်ရှင်ရုံနှင့် ပြဇာတ်ရုံများ ပြန်လည်ဖွင့်လှစ်ပြီး မိသားစုဝင်များ ပြန်လည်ဆုံစည်းနိုင်ရေးအတွက် နိုင်ငံတွင်း ချမှတ်ထားသည့် COVID-19 တုံ့ပြန်ရေး ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ယခုရုံးပိတ်ရက်များမှစ၍ ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတဧမာနွေလ မာခရွန်က နိုဝင်ဘာ ၂၄ ရက်တွင် ပြောဆိုခဲ့သည်။
ပြင်သစ်၌ COVID-19 ဒုတိယလှိုင်း၏အဆိုးရွားဆုံး အခြေအနေကျော်လွန်သွားပြီဖြစ်သော်လည်း စားသောက်ဆိုင်များ၊ ဘားဆိုင်များနှင့် ကော်ဖီဆိုင်များကိုမူ တတိယလှိုင်းဖြစ်ပွားမည်ကို စိုးရိမ်သည့်အတွက် ဇန်နဝါရီ ၂၀ ရက်အထိ ပိတ်သိမ်းထားရမည်ဖြစ်ကြောင်း မာခရွန်က နိုင်ငံတော်သို့ ပြောဆိုသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
COVID-19 တတိယလှိုင်းနှင့် တတိယမြောက် ကူးသန်းသွားလာမှုပိတ်ပင်ချက်မရှိလာရေး အစွမ်းကုန်ကြိုးပမ်းရမည်ဖြစ်ကြောင်း မာခရွန်ကပြောဆိုခဲ့သည်။
အဓိကမြို့ကြီးများ၌ အောက်တိုဘာလလယ်ပိုင်းတွင် ချမှတ်ခဲ့သည့် ညမထွက်ရအမိန့်ကြောင့် ကူးစက်မှုနှုန်းကို မလျှော့ချနိုင်ခဲ့ပြီးနောက် အစိုးရသည် ကူးသန်းသွားလာမှုပိတ်ပင်ချက်ကို အောက်တိုဘာ ၃၀ ရက်မှစ၍ ချမှတ်ခဲ့သည်။
ယခုချမှတ်ထားသည့် ပိတ်ပင်ချက်သည် မတ် ၁၇ မှ မေ ၁၁ ရက်အထိ ချမှတ်ခဲ့သည့် စည်းမျဉ်းလောက် တင်းကျပ်မှုမရှိခဲ့ချေ။
ဆေးရုံတင်ကုသမှုခံယူရသူဦးရေ ကျဆင်းလာပြီး စီးပွားရေးလုပ်ငန်းများကလည်း ၎င်းတို့ ဒုက္ခရောက်နေပြီဖြစ်ကြောင်း ပြောဆိုမှုများကြောင့် အစိုးရသည် ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ဖြေလျှော့ရန် စဉ်းစားလာရသည်။
ပထမအကြိမ်ချမှတ်သည့် ကူးသန်းသွားလာမှုပိတ်ပင်ချက်ကို ရုပ်သိမ်းပြီးနောက် အများပြည်သူသည် ကျန်းမာရေးစည်းမျဉ်းများကိုလိုက်နာခြင်းမရှိခဲ့သောကြောင့် ဒုတိယလှိုင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် COVID-19 ရှိမရှိစစ်ဆေးမှုရလဒ်များကိုလည်း ၂၄ နာရီထက်နောက်မကျဘဲ ထုတ်ပြန်ပေးနိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း မာခရွန်ကပြောဆိုခဲ့သည်။
ထို့ပြင် COVID-19 အတည်ပြုလူနာများအား သီးခြားထားရှိစောင့်ကြည့်မှုစနစ်ကို ကျင့်သုံးနိုင်ရန်အတွက် အစိုးရနှင့် လွှတ်တော်တို့သည် နည်းလမ်းရှာဖွေမည်ဖြစ်ကြောင်း မာခရွန်ကပြောဆိုခဲ့သည်။
ဒီဇင်ဘာအကုန်ပိုင်းနှင့် ဇန်နဝါရီအစောပိုင်းတို့မှစ၍ COVID-19 ကာကွယ်ဆေးထိုးနှံမှုကို စတင်မည်ဖြစ်ကြောင်း မာခရွန်က ဆက်လက်ပြောဆိုခဲ့သည်။

















