ကလေးမြို့အတွင်း အိမ်မွေးဝက်သေဆုံးမှုမြင့်တက်နေ၊ ဝက်သားစားသုံးမှုသတိပြုရန် ပြည်သူများအားအသိပေးထား

ကလေးမြို့အတွင်း အိမ်မွေးဝက်သေဆုံးမှုမြင့်တက်နေ၊ ဝက်သားစားသုံးမှုသတိပြုရန် ပြည်သူများအားအသိပေးထား

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း အိမ်မွေးဝက်များသေဆုံးမှုမြင့်တက်လာနေသည့်အတွက်ယခုရက်ပိုင်း ဒေသတွင်းဝက်သားစားသုံးသူများအနေဖြင့် လတ်ဆတ်သောအသားများမဟုတ်ပါက စားသုံးရန်မသင့်ကြောင်းနှင့် ရောဂါဖြင့်သေဆုံးသောဝက်များကို အသားပေါ်ရောင်းချမှုများမပြုလုပ်ကြပါရန် ကလေးခရိုင်သတင်းပြန်ကြားရေးဌာနမှ တာဝန်ရှိသူ ဦးတင်ထွန်းဝင်းက ပြောသည်။

''အခု တစ်ရက် နှစ်ရက်အတွင်းအိမ်မွေးဝက်သေဆုံးမှုက မြင့်တက်လာနေတယ်။ အခုလဆန်းပိုင်းလောက်က ဝက်အကောင် ၂ဝ ဝန်းကျင်လောက်သေဆုံးနေတာပါ။ အခုအကောင် ၄ဝ ကျော်သွားပါပြီ။ ဒေသတွင်းဝက်မွေးမြူသူများအနေနှင့် ရောဂါနဲ့သေတဲ့ဝက်တွေကို မြေမြှုပ်ဖို့၊ ဝက်သားပေါ်မရောင်းဖို့ အသိပေးချက်ထုတ်ပြန်ထားပါတယ်။ အခုသေဆုံးနေတဲ့အိမ်မွေးဝက်တွေကို အာဖရိကအပြင်းဖျားရောဂါလို့ သံသယရှိပါတယ်။ ဘာကြောင့်သေသေ ရောဂါနဲ့သေတဲ့ဝက်တွေကိုတော့ အသားပေါ်မရောင်းဖို့နဲ့မြေမြှုပ်ကြဖို့ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတာဝန်ရှိသူတွေအထိ အကြောင်းကြားအသိပေးထားပါတယ်''ဟု ၎င်းကပြောသည်။

ကလေးမြို့နယ်အတွင်း ဝက်မွေးသူအများစုမှာ ချင်းပြည်နယ်မြို့နယ်ငါးမြို့နယ်နှင့် တမူး၊ ဟုမ္မလင်း၊ ခန္တီးဒေသများသို့လည်းကောင်း၊ မြန်မာအိန္ဒိယနယ်စပ်သို့လည်းကောင်း ဝက်အရှင်ကောင်နှင့် ဝက်အကောင်ပေါက်အကောင်သိန်းချီရောင်းချလျက်ရှိရာကလေးမြို့နယ်တွင် ဝက်မွေးမြူရေးလုပ်ငန်းများမှာ အိမ်တိုင်းနီးပါးလုပ်ကိုင်နေသော အလုပ်အကိုင်တစ်ရပ်ဖြစ်သည်။

''ရောဂါဖြစ်ပွားနေတဲ့ အင်းစိန်ရွာတစ်ရွာထဲမှာ ဝက်အကောင် ၁၅၈ ကောင်ရှိပါတယ်။ အခုထိ ၄၃ ကောင်သေဆုံးနေပြီဖြစ်ပါတယ်။ သေတဲ့အထဲမှာ အကောင်ကြီး ၂၁ ကောင်ပါတယ်။ကျွန်တော်တို့ခရိုင်တိမွေးကုဌာနအနေနဲ့ ကျေးရွာတွေအထိကွင်းဆင်းပြီးကာကွယ်ကုသမှုများဆောင်ရွက်နေပါတယ်။ ကူးစက်မှုတန့်သွားအောင်ပိုးသတ်ဆေးဖြန်းခြင်း၊ သေဆုံးဝက်တွေရဲ့အသားစနမူနာကိုယူပြီး မန္တလေးဓာတ်ခွဲဌာနကိုပို့ပြီး အဖြေရှာခြင်းတို့ကိုဆောင်ရွက်နေပါတယ်။ အထူးသဖြင့်ဝက်မွေးသူတွေအနေနဲ့ အခုလိုရာသီဥတုကူးပြောင်းချိန်တွေမှာ ဝက်ခြံကိုအအေးဒဏ်ကာကွယ်နိုင်အောင်ဆောင်ရွက်ရပါမယ်။ နောက်ပြီး ဝက်ခြံသန့်ရှင်းရေးကို အမြဲလုပ်ဆောင်ပေးရပါမယ်။ ပြီးတော့ ဝက်ကျွေးတဲ့အစားအစာကိုလည်း အပူပေးချက်ပြုတ်ပြီးမှ ကျွေးမွေးတာ အကောင်းဆုံးဖြစ်ပါတယ်''ဟု ကလေးမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမှိန်းထန်ဇီးယာက ပြောသည်။

ကလေးမြို့နယ်တွင် ဝက်မွေးမြူရေးကို တစ်ပိုင်တစ်နိုင်မွေးမြူသူကများပြီး ကျေးလက်ဒေသတွင် အိမ်တိုင်းနီးပါးမွေးမြူကြသည်။ ကလေးမြို့နယ်တစ်ခုလုံး၌ မွေးမြူရေးဝက်အကောင်ရေ ၁ဝဝဝဝဝ ကျော်ရှိကြောင်း မြို့နယ်တိမွေးကုဌာနမှ ထုတ်ပြန်သည့်သတင်းများအရ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး