ရွေးကောက်ပွဲ ဆန္ဒမဲပေးလုပ်ငန်းများ၌ ပါဝင်ခဲ့သော ဆရာ/ဆရာမများအနက် ၅၀ ကျော် ကိုဗစ်ကူးစက်ခံရ

ရွေးကောက်ပွဲ ဆန္ဒမဲပေးလုပ်ငန်းများ၌ ပါဝင်ခဲ့သော ဆရာ/ဆရာမများအနက် ၅၀ ကျော် ကိုဗစ်ကူးစက်ခံရ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်သည့် ပါတီစုံရွေးကောက်ပွဲတွင် ကြိုတင်မဲပေးခြင်းနှင့် မဲရုံလုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက်ခဲ့ကြသော ဆရာ/ဆရာမများအနက်မှ ၅၀ ကျော် ကိုဗစ်ပိုးကူးစက်ခံရပြီး အတည်မပြုနိုင်သေးသော သတင်းများအရ ၂ ဦးသေဆုံးမှုရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ ချုပ်မှ သိရသည်။

ရွေးကောက်ပွဲကာလတွင် ဆရာ/ဆရာမတစ်သိန်းကျော် နိုင်ငံ့တာဝန်တစ်ရပ်အနေဖြင့် ပါဝင်ခဲ့ကြရာ နိုဝင်ဘာ ၂၆ ရက် နေ့ထိ ၅၀ ကျော် စာရင်းရရှိထားပြီး သေဆုံးသူ ဆရာမ၂ ဦးရှိသည်ဟု သတင်းရရှိသဖြင့် ကျန်ရစ်သူ မိသားစုများနှင့် ဆက်သွယ်နေကြောင်း ယင်းအဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောသည်။

“ကူးစက်ခံရတာက ဆရာမအများစုနဲ့ ဆရာ ၄ ယောက်လောက်ပါ။ ရန်ကုန်က အများဆုံးပဲ။မန္တလေးမှာ ပုသိမ် ကြီးက၂ ယောက်နဲ့ ရတနာပုံတက္ကသိုလ်က တစ်ယောက်ပါတယ်။ ဗိုလ်တထောင်မြို့နယ်နဲ့ သံလျင်ဘက် က တစ်ယောက်၊ပေါင်း ၂ ယောက် ဆုံးပါးတယ်လို့ သိရတယ်။ကျွန်တော်တို့ နည်း၊ ကျွန်တော်တို့ဟန်နဲ့ အဆက်အသွယ်ရှာ စာရင်းပြုစုတယ်။ အားပေးတဲ့ အစီအစဉ်နဲ့ ဂုဏ်ပြုငွေချီးမြှင့်တယ်”ဟု ၎င်းကပြောသည်။

ကိုဗစ် ကူးစက်ခံရသူ ဆရာ/ဆရာမများတွင် ရန်ကုန်တိုင်းမှ အများဆုံးဖြစ်၍ ၃၀ ကျော်နှင့်ပဲခူးတိုင်းမှ ၁၀ ဦးခန့်နှင့် ဒုတိယအများဆုံးဖြစ်ကာ မန္တလေးတိုင်းမှ ၃ ဦးစာရင်းရရှိထားပြီး ပိုးတွေ့ရှိသူဆရာ/ဆရာမများကို အများ နည်းတူ စောင့်ရှောက်မှုပေးနေသည်ကို တွေ့ရသော်လည်း သက်ဆိုင်ရာတို့က အားပေးနှစ်သိမ့်မှုအစီအစဉ်တစ်ခုဖြင့် အားပေးမှုလုပ်ဆောင်သင့်သည်ဟုဆိုသည်။

“အဲဒီဆရာ/ဆရာမတွေကို ဂုဏ်ပြုငွေချီးမြှင့်သလို ဆရာ/ဆရာမ ၂၀ ကျော်ကို ဖုန်းနဲ့ အားပေးစကား ပြောတော့ သူတို့ပီတိဖြစ်ကြောင်းနဲ့ တိုင်းပြည်အတွက်ဖြစ်လို့ မငြီးငြူဘဲ လုပ်ခဲ့သလို ကိုဗစ်ကူးစက်ခံရလို့လည်း နောင်တ မရပါဘူးလို့ ပြောကြတာ။ ဒါပေမယ့် အသက်အန္တရာယ်နဲ့ နီးတဲ့ရောဂါဖြစ်လို့ အားငယ်မှုတော့ရှိတယ်။ သက်ဆိုင်ရာက ဆရာ/ဆရာမတွေကို ဆက်သွယ်ပြီး အားပေးသင့်ပါတယ်။ သူတို့လုပ်တာက ပိုပြီးထိရောက်မှုရှိပါတယ်”ဟု ဆက်လက်ပြေကြားသည်။

အဆိုပါ ကူးစက်ခံဆရာဆရာများ တစ်ဦးလျှင် ကျပ် ငါးသောင်းနှုန်းဖြင့် မြန်မာနိုင်ငံ ဆရာဆရာမများအဖွဲ့ချုပ်က ၁၀ ဦးကို ထောက်ပံ့ပေးပြီးဖြစ်၍ ကျန်ရှိသူများကို ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။