ဝါရှင်တန် နိုဝင်ဘာ ၂၆ - နိုဝင်ဘာ ၂၅ ရက်၌ ကမ္ဘာပေါ်တွင် COVID-19 ကူးစက်သူဦးရေ သန်း ၆၀ ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာန၏ ထုတ်ပြန်ချက်အရသိရပြီး ကူးစက်မှုနှုန်းမှာလည်း အရှိန်မြင့်တက်လာနေကာ အမေရိကန် ရှိ ဆေးရုံတင်ရသည့်နှုန်းလည်း စံချိန်တင်ရှိခဲ့ကြောင်း သိရသည်။
COVID-19 လူနာဦးရေ မြင့်တက်လာမှုသည် ကျန်းမာရေးဝန်ထမ်းများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသောကြောင့် ကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော် အားလပ်ရက်များ၌ ပြည်သူများခရီးမသွားကြဘဲ နေအိမ်၌သာ နေထိုင်ကြရန် အမေရိကန်အစိုးက တိုက်တွန်းထားသည်။
အမေရိကန်ပြည်ထောင်စုတွင် အချိန်တစ်ပတ် မပြည့်မီအတွင်း ကူးစက်သူဦးရေ တစ်သန်းရှိခဲ့ပြီး စုစုပေါင်းကူးစက်သူဦးရေ ၁၂ ဒသမ ၅ သန်း ကျော်လွန်ခဲ့ပြီဖြစ်ကာ သေဆုံးသူ ၂၆၀၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာန၏ စာရင်းအင်းများအရ သိရသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကူးစက်သူ ၆၀ ဒသမ ၀၀၅ သန်းနှင့် သေဆုံးသူ ၁ ဒသမ ၄ သန်းရှိကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် ကူးစက်သူ ဦးရေ သန်း ၅၀ မှ သန်း ၆၀ ဖြစ်လာစေရန်အတွက် ၁၇ ရက်သာကြာမြင့်ပြီး သန်း ၄၀ မှ သန်း ၅၀ ပြည့်မြောက်ရန် ကြာချိန် ၂၁ ရက်ထက် ပိုမိုမြန်ဆန်ခဲ့ကြောင်း ရိုက်တာ၏ ကမ္ဘာလုံးဆိုင်ရာ စာရင်းကောက်ယူမှု အချက်အလက်များအရ သိရသည်။ လက်ရှိတွင် ကမ္ဘာပေါ်၌ COVID-19 တစ်ရက်ပျမ်းမျှ ကူးစက်သူဦးရေ ၅၈၀၀၀၀ ဝန်းကျင်ရှိပြီး ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ရက်ပေါင်း ၇၀ အတွင်း ကူးစက်သူဦးရေ၏ ထက်ဝက်ခန့်ရှိကြောင်း သိရသည်။
ဥရောပတွင် ကူးစက်သူသစ် တစ်သန်းပြည့်မြောက်ရန်အတွက် ငါးရက်သာကြာမြင့်ပြီး သေဆုံးသူ ၃၆၅၀၀၀ ရှိခဲ့သည်။ ခရစ္စမတ်ပွဲတော်ကျင်းပဆင်နွှဲကြမည့် ပြည်သူများရှိနေခြင်းကြောင့် နောက်ထပ်ကူးစက်မှုများ မြင့်တက်လာခြင်းမရှိစေရေးအတွက် ဥရောပရှိ အစိုးရများသည် ကူးသန်းသွားလာမှုပိတ်ပင်ချက်များ ချမှတ်ရန် အခက်အခဲနှင့် ရင်ဆိုင်နေရသည်။

















