ဂျိုးဘိုင်ဒင်သည် အီရန်အပေါ် အမေရိကန်၏မူဝါဒကို ပြောင်းလဲမည်ဟု မျှော်လင့်ကြောင်း သမ္မတရိုဟာနီပြော

ဂျိုးဘိုင်ဒင်သည် အီရန်အပေါ် အမေရိကန်၏မူဝါဒကို ပြောင်းလဲမည်ဟု မျှော်လင့်ကြောင်း သမ္မတရိုဟာနီပြော

တီဟီရန် နိုဝင်ဘာ ၂၆ - အမေရိကန်သမ္မတသစ်ဖြစ်လာမည့် ဂျိုးဘိုင်ဒင်အနေဖြင့် ၎င်းဒုတိယသမ္မတအဖြစ် ဆောင်ရွက်စဉ်အခါက မူဝါဒအတိုင်း အီရန်အပေါ် အမေရိကန်၏ ဆက်ဆံရေးမူဝါဒကို ပြောင်းလဲပစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း အီရန်သမ္မတ ဟက်ဆန်ရိုဟာနီက ပြောဆိုလိုက်ပြီး ကမ္ဘာ့ခေါင်းဆောင်များနှင့် အီရန်တို့အကြား သဘောတူညီချက်ရရှိထားခဲ့သော အီရန်နျူကလီးယား လက်နက်ဆိုင်ရာ သဘောတူညီချက်စာချုပ်အားလည်း ပြန်လည်ပူးပေါင်းပါဝင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။ 

သမ္မတဒေါ်နယ်ထရမ့် စွန့်ပစ်သွားခဲ့သော အခြေအနေတစ်ရပ်အား ပြန်လည်အဖြေရှာနိုင်ခဲ့ပါက အီရန်အနေဖြင့် ပြဿနာများနှင့် ကိစ္စရပ်များအားလုံးကိုအတွက် ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ရိုဟာနီက ပြောကြားခဲ့သည်။

ဂျိုးဘိုင်ဒင်အနေဖြင့် ထရမ့်၏ အမြင့်ဆုံးပိတ်ဆို့အရေးယူမှုလုပ်ရပ်အပေါ် ပြစ်တင်ရှုတ်ချပေးရန် ရိုဟာနီက တိုက်တွန်းခဲ့ပြီး လွန်ခဲ့သော လေးနှစ်တာကာလအတွင်း မှားယွင်းသောမူဝါဒများကြောင့် အီရန်နိုင်ငံ ထိခိုက် နစ်နာခဲ့ရမှုအတွက် လျော်ကြေးအဖြစ် နှစ်နိုင်ငံအကြားဆက်ဆံရေးကို ပြန်လည်တိုးမြှင့်ထူထောင်ရန် တိုက်တွန်းခဲ့သည်။

ထရမ့်အစိုးရ၏ ပိတ်ဆို့အရေးယူမှုကြောင့် အီရန်နိုင်ငံသုံး ငွေကြေးတန်ဖိုးမှာ အလွန်အမင်းနိမ့်ဆင်းသွားခဲ့ပြီး နိုင်ငံတကာဈေးကွက် ရှာမရသည်အထိ  အကျပ်အတည်းမျိုးစုံနှင့် ရင်ဆိုင်ခဲ့ရသည်။

အီရန်အနေဖြင့် ၂၀၁၅ နျူကလီးယားစာချုပ်ပါ အချက်အလက်များအား လိုက်နာဆောင်ရွက်ပါက အမေရိကန်အနေဖြင့် ပြန်လည်ပူးပေါင်းရန် စဉ်းစားမည်ဖြစ်ကြောင်း ဂျိုးဘိုင်ဒင်က ပြောကြားထားခဲ့ခြင်းကြောင့် ရိုဟာနီက နိုဝင်ဘာ ၂၅ ရက်နေ့က ပြောကြားခဲ့သော မိန့်ခွန်းတွင် ယင်းကဲ့သို့ တိုက်တွန်းသွားခဲ့ခြင်းဖြစ်သည်။

သို့သော် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် လတ်တလောအခြေအနေတွင် အီရန်အပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ရုပ်သိမ်းပေးဖွယ်မရှိသေးကြောင်းလည်း သိရသည်။