နှစ်နိုင်ငံအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန် တောင်ကိုရီးယားနှင့် တရုတ်တို့ သဘောတူ

နှစ်နိုင်ငံအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန် တောင်ကိုရီးယားနှင့် တရုတ်တို့ သဘောတူ

ဆိုးလ် နိုဝင်ဘာ ၂၆ - တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူညီချက်တစ်ရပ်ကို နိုဝင်ဘာ ၂၆ ရက်၌ ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းသဘောတူညီချက်အရ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေး၊ နျူကလီးယားလက်နက် ရပ်တန့်ရေး၊ မြောက်ကိုရီးယားအရေးနှင့် COVID-19 ကပ်ရောဂါဆိုင်ရာ ကိစ္စရပ်များတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။ 

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ခန်ချုံဝါသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိအား ဆိုးလ်မြို့၌ နိုဝင်ဘာ ၂၅ ရက်၌ လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် တရုတ်သမ္မတရှီကျင့်ဖျင်အနေဖြင့် တောင်ကိုရီးယားသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး လာရောက်နိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြသည်။

သမ္မတရှီကျင့်ဖျင်၏ ချစ်ကြည်ရေးခရီးစဉ်သည် တောင်ကိုရီးယားနှင့် တရုတ်တို့အကြား မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ်ရှိနေခြင်းကို ဖော်ပြခြင်းဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို လှစ်ဟပြခြင်းဖြစ်ကြောင်း ဝမ်ယိက ခန်ချုံဝါအား ပြောကြားခဲ့သည်။

‘‘COVID-19 အကျပ်အတည်းက ကျွန်တော်တို့နှစ်နိုင်ငံရဲ့ ပြည်သူတွေကို အခက်ကြုံစေမှာ မဟုတ်ပါဘူး။ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ COVID-19 ကို ကျော်လွှားနိုင်ဖို့အတွက် သူတို့ရဲ့ ကြံ့ခိုင်မှုနဲ့ တောင့်တင်းမှုကို ပြသနေပါတယ်’’ ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအရေး၊ COVID-19 အကျပ်အတည်းနှင့် စီးပွားရေးဆိုင်ရာပြန်လည်ဦးမော့လာရေးကဏ္ဍများအား အမြင်ချင်းဖလှယ်ခွင့်ရသည့် အတွက် ဝမ်ယိအား ကျေးဇူးတင်ကြောင်းလည်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ခန်ချုံဝါက ပြောကြားခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် လာမည့်ဒီဇင်ဘာလထဲ၌ တောင်ကိုရီးယားသို့ ချစ်ကြည်ရေးခရီး လာရောက်ရန် စီစဉ်နေပြီဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားခဲ့ကြသည်။