ဂျိုးဘိုင်ဒင်အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ရှီကျင့်ဖျင် ပေးပို့

ဂျိုးဘိုင်ဒင်အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ရှီကျင့်ဖျင် ပေးပို့

‌ပေကျင်း နိုဝင်ဘာ ၂၆ - ရွေးကောက်ပွဲတွင်အနိုင်ရခဲ့သော သမ္မတလောင်း ဂျိုးဘိုင်ဒင်အား ဝမ်းမြောက်ဂုဏ်ယူကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က နိုဝင်ဘာ ၂၅ ရက်၌ ပြောကြားခဲ့ပြီး လုံခြုံရေး၊ နည်းပညာနှင့် ကုန်သွယ်ရေးတို့၌ နှစ်နိုင်ငံအ ကြား ပဋိပက္ခများရှိနေခြင်းအပေါ် အပြန်အလှန်အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့သည်။ 

တရုတ်သည် ဂျိုးဘိုင်ဒင်၏ ရွေးကောက်ပွဲအောင်မြင်မှုအတွက် ဝမ်းမြောက်စကားပြောဆိုသော နောက်ဆုံးနိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ ဝမ်းမြောက်စကားပြောဆိုရန်အတွက် နှောင့်နှေးနေခြင်းအပေါ် ရှင်းလင်းပြောဆိုခြင်းမရှိသော်လည်း လက်ရှိသမ္မတထရမ့်၏ တရားဥပဒေကြောင်းအရ ဆောင်ရွက်နေမှုများကြောင့် ထရမ့်နှင့် အခြေအနေတင်းမာမှုကို ရှောင်ရှားလို၍ နှောင့်နှေးခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်မှုများရှိသည်။

တည်ငြိမ်အေးချမ်းပြီး ကောင်းမွန်သောဆက်ဆံရေးသည် နိုင်ငံတကာဆက်ဆံရေး၏ ဘုံရည်မှန်းချက်ဖြစ်ကြောင်း ရှီကျင့်ဖျင်က ပြောဆိုခဲ့သည်ဟု တရုတ်အစိုးရအရာရှိများက ထုတ်ပြန်ကြေညာခဲ့သည်။

‘‘နှစ်နိုင်ငံအကြား ပဋိပက္ခတွေမရှိသလို အငြင်းပွားမှုတွေလည်းမရှိတဲ့ ဆက်ဆံရေးမျိုး ဖော်ဆောင်နိုင်လိမ့်မယ်လို့ ကျွန်ုပ်တို့မျှော်လင့်ပါတယ်။ အပြန်အလှန်လေးစားမှုရှိပြီး အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေကို အားစိုက်လုပ်ဆောင်မှာဖြစ်ပြီး မတူကွဲပြားမှုတွေကို ထိန်းညှိသွားမှာဖြစ်ပါတယ်။ တရုတ်နဲ့ အမေရိကန်တို့အကြား တည်ငြိမ်အေးချမ်းပြီး ကောင်းမွန်ဖွံ့ဖြိုးတိုးတက်တဲ့ ဆက်ဆံရေးကို တိုးမြှင့်ထူထောင်သွားမှာဖြစ်ပါတယ်’’ ဟု တရုတ်အစိုးရ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

သမ္မတဒေါ်နယ်ထရမ့် တာဝန်ယူစဉ် လေးနှစ်တာကာလအတွင်း၌ အမေရိကန်-တရုတ် ဆက်ဆံရေးသည် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးအဆင့်အထိ ကျဆင်းသွားခဲ့ပြီး COVID-19 ကပ်ရောဂါ၊ ဟောင်ကောင်အရေး၊ နည်းပညာနှင့် ကုန်သွယ်မှုကဏ္ဍများတွင် အငြင်းပွားမှုများ မကျေမလည်ရှိခဲ့ကြသည်။

၂၀၁၆ ခုနှစ် ရွေးကောက်ပွဲကျင်းပပြီးနောက် တစ်ရက်အကြာတွင် ရှီကျင့်ဖျင်က ထရမ့်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သော်လည်း ဘိုင်ဒင်၏ အနိုင်ရမှုတွင်မူ ၂၂ ရက်အကြာတွင်မှ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးပို့ခဲ့ခြင်းသည်။