ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုး၏ ပြောဆိုမှုများမှာ ဗဟို၏ မှတ်ချက်မဟုတ်၊ ပြည်ခိုင်ဖြိုးပါတီက ၂ဝ၂ဝ ရွေးကောက်ပွဲရလဒ်အား လက်ခံ၊ မခံ မဆုံးဖြတ်ရသေးဟု ဒေါက်တာ နန္ဒာလှမြင့်ပြော

ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုး၏ ပြောဆိုမှုများမှာ ဗဟို၏ မှတ်ချက်မဟုတ်၊ ပြည်ခိုင်ဖြိုးပါတီက ၂ဝ၂ဝ ရွေးကောက်ပွဲရလဒ်အား လက်ခံ၊ မခံ မဆုံးဖြတ်ရသေးဟု ဒေါက်တာ နန္ဒာလှမြင့်ပြော

ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) က ၂ဝ၂ဝရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်ပြီး လက်ခံ၊ မခံခြင်းကို ယနေ့တိုင်ဆုံးဖြတ်ချက်မချရသေးကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ယနေ့ပြုလုပ်သော(နိုဝင်ဘာ၂၆ရက်) ပြည်ခိုင်ဖြိုးပါတီနှင့် မိတ်ဖက်ပါတီများ သတင်းစာရှင်းလင်းပွဲ၌ မြန်မာ့တိုင်းမ်သတင်းစာသို့ ပြောသည်။

ပြည်ခိုင်ဖြိုး ဗဟိုကော်မတီအနေဖြင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် ပြောဆိုခဲ့ခြင်းမရှိသလို ရွေးကောက်ပွဲ ရလဒ်နှင့်ပတ်သက်ပြီး လက်မခံခြင်း ရှိ မရှိမဆုံးဖြတ်ရသေးကြောင်း ဒေါက်တာနန္ဒာလှမြင့်က အထက်ပါအတိုင်း ပြောခဲ့သည်။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအပြီး နောက်တစ်နေ့တွင် ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီဝင်များက ရွေးကောက်ပွဲ အသစ်ကျင်းပပေးရန်နှင့် ယခုရွေးကောက်ပွဲရလဒ်ကို လက်မခံကြောင်းပြောခဲ့ခြင်းသည် ပြည်ခိုင်ဖြိုးဗဟိုကော်မတီ၏ မှတ်ချက်မဟုတ်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ဆက်ပြောသည်။

“အခုလက်ရှိအခြေအနေအထိ ကျွန်တော်တို့မဆုံးဖြတ်ရသေးဘူး။ အခုကဖြစ်စဉ်တွေကို ဖော်ထုတ်နေတုန်းပဲ ရှိသေးတယ်။ ရွေးကောက်ပွဲအသစ်လုပ်ဖို့ဆိုတာက ကျွန်တော်တို့ဗဟိုက Policy(မူဝါဒ)မဟုတ်ပါဘူး။ ရန်ကုန်တိုင်းက ပြောတာပါ”ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

ရွေကောက်ပွဲအပြီး ပထမဆုံးအကြိမ်ပြုလုပ်သော ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုမှုများသည် ရန်ကုန်တိုင်းအတွင်း တရားမဲ့ပြုကျင့်မှုများကို ဖော်ထုတ်ခြင်းသာဖြစ်ပြီး ယင်းပွဲတွင်ပြောဆိုမှုအချို့သည် ဗဟိုကော်မတီ၏ မူဝါဒမဟုတ် ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ရှင်းပြသည်။

“အဲဒီတုန်းက ရန်ကုန်တိုင်းက သူတို့အမြင်ကို ဖော်ထုတ်လိုက်တဲ့ သဘောပဲ။ ကျွန်တော်တို့ ဗဟို့ရည်ရွယ်ချက်က ခုရွေးကောက်ပွဲသည် တရားမျှတမှုရှိတယ်ဆိုရင် ကျေကျေနပ်နပ် လက်ခံသွားမယ်။ ဒါယဉ်ကျေးမှုပဲ။ တရားမျှတမှု မရှိဘူးဆိုရင် ဒါကိုဖော်ထုတ်ပေးရမယ်”ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

ယနေ့ပြုလုပ်သော ပြည်ခိုင်ဖြိုးပါတီနှင့် မိတ်ဖက် ပါတီများ သတင်းစာ ရှင်လင်းပွဲ ၌ ပြည်ခိုင်ဖြိုးပါတီဒုတိယဉက္ကဋ္ဌ ဉီးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ဉီးဝဏ္ဏမောင်လွင်တို့ တက်ရောက်သည် ကို တွေ့ရသည်။ အဆိုပါသတင်းစာရှင်းလင်းပွဲကို ပြည်ခိုင်ဖြိုးပါတီက ဉီးဆောင်ပြုလုပ် ခြင်း မဟုတ်ဘဲ ရွေးကောက်ပွဲတွင် တရားမဲ့ကျင့်မှုများကို ဖော်ထုတ်လိုသော နိုင်ငံရေးပါတီများ စုစည်းပြီး ပြုလုပ်ခြင်းသာဖြစ် ကြောင်း ဉီးခင်ရီကပြောသည်။

ယင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီနှင့်အတူ အမျိုးသား နိုင်ငံရေးမဟာမိတ် အဖွဲ့ချုပ်များပါတီ၊ အမျိုးသားဒီနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်နှင့် ရဲရဲတောက်ဂျာနယ် အယ်ဒီတာချုပ် အမတ်ဒိန် တို့ပါဝင်သည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ၂ဝ၂ဝရွေးကောက်ပွဲသည် တရားမျှတပြီး ရွေးကောက်ပွဲရလဒ်အား လက်ခံပေးရန် တိုက်တွန်း ပြောကြားသံများကို ကြားသိရပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်သည် တရားမျှတပြီး လွတ်လပ်ကြောင်း ပြောဆိုတိုက်တွန်းချက်ကြောင့် ရွေးကောက်ပွဲရလဒ်ကို လက်ခံပေးရန် စသဖြင့် တိုက်တွန်းချက်များလည်း ကြားသိရကြောင်း ဉီးခင်ရီက ပြောသည်။

ပြည်တွင်းပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသော အဖွဲ့အစည်းများ၏ သုံးသပ်ချက်ကို ကိုးကားပြီး တရားသဖြင့် မပြုကျင့်မှု အနည်းငယ်ရှိသည်မှအပ ၂၀၂ဝရွေးကောက်ပွဲသည် နိုင်ငံတစ်ခုလုံးနှင့်နှိုင်းယှဉ်ပါက လွှတ်လပ်၍ တရားမျှတ သောရွေးကောက်အဖြစ်ကြောင်း ယင်းတို့သုံးသပ်ချက်အပေါ်မည်သို့ယူဆကြောင်း မြန်မာ့တိုင်မ်း မေးမြန်ရာ ဉီးခင်ရီက အောက်ပါအတိုင်းပြောသည်။

“ကျွန်တော်တို့လည်း သူတို့ပြောတာကို သုံးသပ်ပါတယ်။ တစ်နေ့တည်းကိုကြည့်ပြီး ဟ တန်းစီဝင်လာတာ စနစ်ကျတယ်။ အထဲမှာလည်း Social Distancing လည်းလုပ်တယ်။ လက်ဆေးတယ်။ မဲပေးတယ်။ ရန်မဖြစ်ဘူး။ ဒါလေးကြည့်ရုံနဲ့ Free and Fair ဖြစ်တယ်လို့ပြောရင် မပြည့်စုံဘူး” ဟု ဉီးခင်ရီကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်၌ လှည်းကူး၊ ဆိပ်ကြီးခနောင်တို၊ လမ်းမတော်၊ ဒဂုံ၊လသာ၊ ကျောက်တန်း၊ တာမွေ၊ မင်္ဂလာဒုံ၊ ရွှေပြည်သာနှင့် ဗိုလ်တထောင်မြို့နယ်စသည့် ၁ဝ မြို့နယ်တွင် ဒုတိယအကြိမ်နှင့် နောက်ဆုံးအကြိမ်ထုတ်ပြန်သော မဲစာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ ၁,ဝ၈၃,၈ဝ၁ ဉီး ရှိ ကြောင်း ပြည်ခိုင်ဖြိုးပါတီက ဆိုသည်။ထိုထဲတွင် နိုင်ငံသားကတ် မရှိသူ ၁ဝ၉,၅၆၂ဦး၊ နိုင်ငံသားပျက်စီး/ပျောက် ၄ဝ,ဝဝဦး၊ နိုင်ငံသားကတ် လျှောက်/ပြုလုပ်ဆဲ ၁၇,၉၈၉ ဦးနှင့် နိုင်ငံသားကတ် ထပ်နေသူ ဉီးရေ ၁၁,၅၃၇ ဦးရှိကြောင်း ဖော်ပြထားသည်။အဆိုပါလူများသည် မဲပေးခဲ့သူ စာရင်း ၇၉၅,၆၅၁ ဉီးတွင်ပါဝင်နိုင်သည်ဟု ပြောဆိုထားသည်။

ရွေးကောက်ပွဲဖြစ်စဉ်တွင် တရားဉပဒေနှင့်အညီ မဲပေးပိုင်ခွင့်ရှိသူများကို မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်ရွေး ကောက်ပွဲကော်မရှင်က ဖန်တီးပေးခြင်း၊ ကိုဗစ်ကာလအတွင်း အသက် ၆ဝ နှစ်နှင့်အထက် သက်ကြီးများကို အိမ်တိုင်ရာရောက် ဆန္ဒမဲကောက်ခံပေးခြင်းသည် ကောင်းမွန်သောရွေးကောက်ပွဲတစ်ရပ်၏ အသွင်အပြင်ဖြစ်ကြောင်း ရွေကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PEAC) အမှုဆောင်ဒါရိုက်တာ ဉီးစိုင်းရဲကျော်စွာမြင့်က နိုဝင်ဘာ ၁၉ ရက်တွင် မြန်မာတိုင်းမ်ကို ပြောကြားထားသည်။ ထို့အပြင် ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးတွင် အားနည်းချက်အချို့လည်းရှိကြောင်း ၎င်းက သုံးသပ်သည်။



ဖတ်ရှုမှုအများဆုံး