ဗိုင်းရပ်စ်နှင့် စစ်ခင်းနေရခြင်းဖြစ်ကြောင်း ဂျိုးဘိုင်ဒင် သတိပေး

ဗိုင်းရပ်စ်နှင့် စစ်ခင်းနေရခြင်းဖြစ်ကြောင်း ဂျိုးဘိုင်ဒင် သတိပေး

ဝါရှင်တန် နိုဝင်ဘာ ၂၆ - အမေရိကန်မှာ ဗိုင်းရပ်စ်နှင့် စစ်ခင်းနေရခြင်းဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ခိုင်မာသည့် ကိုယ်စွမ်းဉာဏ်စွမ်းကိုပြသကြရန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က နိုဝင်ဘာ ၂၅ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။ 

ကျန်းမာရေးအာဏာပိုင်များ သတိပေးထုတ်ပြန်ထားသည့် စည်းကမ်းများကို အမေရိကန်ပြည်သူများက ဆန့်ကျင်ကာ ကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော် အားလပ်ရက်များ၌ ခရီးသွားလာရန် ကြိုးစားနေကြခြင်းကြောင့် ဘိုင်ဒင်က ပြည်သူများအား သတိပေးလိုက်ခြင်းဖြစ်သည်။

‘‘သင်တို့ရဲ့ သမ္မတဆီက မှန်ကန်တဲ့သတင်းစကားကြားရဖို့ သင်တို့ဟာ ထိုက်တန်သူတွေဖြစ်ကြတယ်ဆိုတာ ကျွန်တော် အမြဲတမ်းယုံကြည်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှု နှေးကွေးသွားအောင် ကျွန်တော်တို့ လုပ်ရမယ်။ ရှေ့တန်းကနေပြီး တိုက်ပွဲဝင်နေတဲ့ သူနာပြုတွေ၊ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ နောက်ပြီး ချစ်စရာကောင်းလွန်းတဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါကြီးက ကျွန်တော်တို့ကို စိတ်ဝမ်းကွဲစေတယ်။ ဒေါသဖြစ်စေတယ်။ ရန်သူတွေလို ဖြစ်စေတယ်။ ဗိုင်းရပ်စ်နဲ့တိုက်ပွဲဝင်ရလို့ နိုင်ငံတော်ကြီး ပင်ပန်းနေပြီဆိုတာလည်း ကျွန်တော်သိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သတိပြန်ပြုရမယ်။ ကျွန်တော်တို့ က ဗိုင်းရပ်စ်နဲ့ စစ်ခင်းနေတာပါ။ အခြားတစ်ယောက်နဲ့ မဟုတ်ဘူး’’ ဟု ဘိုင်ဒင်က သတိပေးသွားခဲ့သည်။

ထို့အပြင် COVID-19 ကပ်ရောဂါအား အနိုင်ယူပြီး အမေရိကန်ပြည်သူများအား ပုံမှန်လူနေမှုဘဝဆီသို့ ပြန်လည်ပို့ဆောင်ပေးမည်ဟု ကတိပေးကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။

‘‘ဗိုင်းရပ်စ်ကို ကျွန်တော်တို့ တိုက်ဖျက်ပစ်နိုင်တယ်ဆိုတာ သိပါတယ်။ လူနေမှုဘဝတွေဟာ ပုံမှန်ပြန်ဖြစ်ပါတော့မယ်လို့ ကျွန်တော်ကတိပေးပါတယ်။ မဆုတ်မနစ် ကြိုးစားအားထုတ်နေမှုတွေဟာ သင်တို့ကို ပုံမှန်လူနေမှုဘဝနဲ့ ပြန်လည်ဆုံစည်းစေတော့မှာဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်’’ ဘိုင်ဒင်က ပြောကြားသွားခဲ့သည်။

အောင်စိုးသူ(LPN) ဘာသာပြန်သည်။