ဆိုးလ် နိုဝင်ဘာ ၂၆ - အင်တာနက်ပေါ်တွင် လိင်ပိုင်းဆိုင်ရာပုံရိပ်များအတွက် ငွေညှစ်တောင်းခံသည့် အဖွဲ့ခေါင်းဆောင်တစ်ဦးအား နိုဝင်ဘာ ၂၆ ရက်၌ တောင်ကိုရီးယားတရားရုံးက ထောင်ဒဏ်နှစ် ၄၀ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
အသက် ၂၄ နှစ်အရွယ် ချိုဂျူဘင်အမည်ရှိ လူတစ်ဦးသည် အွန်လိုင်းပေါ်၌ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက်များအပါအဝင် အမျိုးသမီး ၇၄ ဦးထံမှ ငွေညှစ်တောင်းခံသည့် ပြစ်မှုကျူးလွန်ခဲ့ကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့သည်။ အမျိုးသမီးများ အိန္ဒြေသိက္ခာပျက်စီးစေနိုင်သည့် လိင်ပိုင်းဆိုင်ရာအပြုအမူများပါဝင်သော ပုံရိပ်များ၊ ဗီဒီယိုများကို တောင်းခံပြီးနောက် ယင်းတို့အား ဖြန့်ဝေမည်ဟုပြောဆိုကာ ငွေညှစ်ခြိမ်းခြောက်သည့် ရာဇဝတ်မှုများကို ၂၀၁၉ မေလမှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်း ကျူးလွန်ခဲ့ကြောင်း တရားရေးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထို့ကြောင့် ဆိုးလ်မြို့တော် ခရိုင်တရားရုံးက ချိုဂျူဘင်အား ရာဇဝတ်မှုဆိုင်ရာပြစ်မှုကျူးလွန်မှုနှင့် ကလေးသူငယ်ကာကွယ်ရေးဥပဒေအရ တရားစီရင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လိင်ပိုင်းဆိုင်ရာအပြုအမူများပါဝင်သော ပုံရိပ်များကို အများပြည်သူမြင်သာအောင် ဖြန့်ဝေပစ်မည်ဖြစ်ကြောင်း အကြိမ်ကြိမ်ခြိမ်းခြောက်မှုပေါင်းများစွာကို ကာလရှည်ပြုလုပ်ခဲ့သည်ဟု တရားရုံး၏ စစ်ဆေးတွေ့ရှိချက်တွင် ဖော်ပြထားသည်။ ပြစ်မှုကျူးလွန်သူ ချိုအား စီရင်ချက်ချရုံနှင့် ကျေနပ်မနေဘဲ အွန်လိုင်းပေါ်တွင် လိင်ပိုင်းဆိုင်ရာအပြုအမူများပါဝင်သည့် ဓာတ်ပုံများ၊ ဗီဒီယိုများကို ဝယ်ယူကြည့်ရှုကြသူများကိုပါ စုံစမ်းစစ်ဆေးဖော်ထုတ်ဖမ်းဆီးရန် တစ်နိုင်ငံလုံးက တိုက်တွန်းမှုများ ရှိလာခဲ့သည်။
လက်ရှိတွင် သံသယတရားခံ ၁၂၄ ဦးကို ဖမ်းဆီးအကျဉ်းချထားပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ လိင်ပိုင်းဆိုင်ရာ အပြုအမူများပါဝင်သည့် ဓာတ်ပုံများနှင့် ဗီဒီယိုဖိုင်များအား ဝယ်ယူလိုသူတစ်ဦးသည် အွန်လိုင်းဈေးကွက်၌ ကိုရီးယားဝမ် ၁ ဒသမ ၅ သန်း (၁၃၆၀ ဒေါ်လာ) ပေး ချေရကြောင်း သိရသည်။

















