အစိုးရအဖွဲ့ ကထိန်သကင်္န်းဆက်ကပ်လှူဒါန်းပွဲသို့ သမ္မတနှင့်အတိုင်ပင်ခံတို့ တက်ရောက်

အစိုးရအဖွဲ့ ကထိန်သကင်္န်းဆက်ကပ်လှူဒါန်းပွဲသို့ သမ္မတနှင့်အတိုင်ပင်ခံတို့ တက်ရောက်

အစိုးရအဖွဲ့၏ ၂ဝ၂ဝ ပြည့်နှစ်ကထိန်သကင်္န်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နိုဝင်ဘာ ၂၆ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် သာသနာ့မဟာဗိမာန်တော်၌ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့တက်ရောက်ခဲ့ကာ ကထိန်သကင်္န်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဌ မန္တလေးမြို့ဗန်းမော်ကျောင်းတိုက်ပဓာနနာယက အဘိဓဇမဟာရဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

ထို့ပြင် အခမ်းအနားသို့ ဒုတိယသမ္မတဦးမြင့်ဆွေ၊ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားမစတင်မီ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သာသနာ့မဟာဗိမာန်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်းတို့ကို ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီးဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့်မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြသည်။

ယင်းနောက်နိုင်ငံတော်သမ္မတနှင့်ဇနီးတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသထံ ကထိန်သကင်္န်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း၊ကထိန်ခံမဟာဝိသုတာရာမဈေးကုန်းဗိမာန်ကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တကဝိသာရထံ ကထိန်လျာသကင်္န်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ မင်းကျောင်းပထမပြန်ပရိယတ္တိစာသင်တိုက်ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသထံကထိန်သကင်္န်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဒုတိယသမ္မတဦးမြင့်ဆွေက ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ သြဝါဒါစရိယ ပေါက်မြိုင်ဆရာတော်ဘဒ္ဒန္တဇနိန္ဒထံလည်းကောင်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ သြဝါဒါစရိယမဟာသီဟနာဒဆရာတော်ဘဒ္ဒန္တအာစိဏ္ဏထံလည်းကောင်း ကထိန်သကင်္န်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍တက်ရောက်လာသည့်အစိုးရအဖွဲ့ဝင်များကလည်း ဆရာတော်၊ သံဃာတော်များထံ ကထိန်သကင်္န်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။အခမ်းအနားတွင် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ သန်လျင်မြို့ မင်းကျောင်းဆရာတော်ထံမှ ကထိန်အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး