အရှုပ်ထွေးဆုံးရွေးကောက်ပွဲဖြစ်ခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲကတော့ ယခုအခါမှာ ဒေါ်နယ်ထရမ့်က စီမံခန့်ခွဲရေးဌာနကို အာဏာလွှဲပြောင်းဖို့၊ အစီအစဉ်တွေလုပ်ဖို့ ခွင့်ပြုလိုက်ခြင်းနဲ့အတူ ပြီးဆုံးသလောက်ဖြစ်သွားခဲ့ပါပီ။ သေချာမလေ့လာဘဲ ဖြစ်ချင်တာတွေလျှောက်ရေးနေတာ၊ အခြေအမြစ်မရှိတဲ့ သတင်းတုတွေ၊ အမှားတွေနဲ့ လူတွေအထင်မှားအောင် လျှောက်ရေးနေကြတာတွေလည်း အများကြီးပါပဲ။ ဒါကြောင့် ဒီရွေးကောက်ပွဲဟာ ဘယ်လိုတွေကြောင့် အခုလိုရှုပ်ထွေးခဲ့သလဲဆိုတာ တင်ပြချင်ပါတယ်။
အကြိုကာလ
အဓိက ထရမ့်အရေးနိမ့်ရခြင်းကတော့ ပြည်သူတွေက သူဟာ COVID ရောဂါကို ထိန်းနိုင်မယ်လို့ မထင်တာက ပထမအချက်ပါ။ ဒုတိယအချက်ကတော့ ဇွန်လမှာဖြစ်ပွားခဲ့တဲ့ Black Live Matter လှုပ်ရှားမှုအပြီး ပြည်သူနဲ့ လုံးဝအစေးမကပ်တော့တာပါပဲ။ ဒါကြောင့် ဒီရွေးကောက်ပွဲမှာ သူအခြေအနေမကောင်းတာကို တစ်ကမ္ဘာလုံးကသိသလို သူလည်းသိပါတယ်။ ဒီအချိန်မှာ ကံကောင်းခြင်းတစ်ခုက သူ့ဆီရောက်လာပါတယ်။ အဲဒါကတော့ အမေရိကန် Supreme Court က သမ္ဘာရင့်နာမည်ကျော်တရားသူကြီး Ruth Bader Ginsburg ကင်ဆာရောဂါနဲ့ အသက်(၈၇)နှစ်မှာ ကွယ်လွန်သွားခဲ့တာပါပဲ။
အဲဒီမှာပဲ ထရမ့်ဟာ Supreme Court မှာ သူ့ဘက်ကရပ်တည်နိုင်မယ့်သူတစ်ဦးကို အတင်းထည့်ဖို့ကြိုးစားခဲ့ပါတယ်။ ပြည်သူတွေ၊ ဒီမိုကရက်တစ်တွေနဲ့ နိုင်ငံရေးသမားတွေက တားမြစ်ကြပေမယ့် သူက အတင်းအတည်ပြုဖို့လုပ်ခဲ့ပါတယ်။ အမေရိကန် Supreme Court မှာ တရားသူကြီး ကိုးဦး ပါဝင်ပါတယ်။ တစ်ဦးချင်းစီရဲ့သက်တမ်းဟာ သေတဲ့အထိပါပဲ။ သေဆုံးချိန်အထိ တာဝန်ယူရတာပါ။ ဒါကြောင့် ရွေးကောက်ပွဲပြီးမှ တရားသူကြီးအစားထိုးရွေးချယ်ဖို့ ပြောကြပေမယ့် ထရမ့်ကတော့ Amy Coney Barret ကို အောက်တိုဘာ ၂၇ ရက်မှာ အစားထိုးခဲ့ပါတယ်။ အဓိကကတော့ Supreme Court မှာ အဆုံးအဖြတ်ယူရင် အသာရဖို့ပါပဲ။
ကြိုတင်မဲများ
ပြည်သူအများစုက COVID ကြောင့် ရွေးကောက်ပွဲနေ့မှာ မဲရုံသွားကြဖို့ အခက်အခဲရှိကြပါတယ်။ ဒါကြောင့် ဘိုင်ဒန်ဘက်က လူတွေက စာတိုက်ကနေတစ်ဆင့် ကြိုတင်မဲပေးကြဖို့ လှုံ့ဆော်ခဲ့ပါတယ်။ မြေပြင်မှာလည်း လူငယ်တွေ၊ လူမှုရေးအဖွဲ့အစည်းတွေက အိမ်တိုင်ရာရောက် Register လုပ်တာအထိ လုပ်ပေးခဲ့ကြပြီး အလွန်အဆင်ပြေအောင်ကြိုးစားပေးခဲ့ကြပါတယ်။ မဲဆန္ဒရှင်တွေက စာအိတ်ကိုဖွင့် မဲပေးချင်သူနေရာမှာ ခဲခြစ်ပြီး လက်မှတ်ထိုး။ စာအိတ်ထဲပြန်ထည့်ပြီး အိမ်ရှေ့ကစာတိုက်ပုံးထဲ ထည့်ထားလိုက်ရင်ကို မဲပေးလို့ရအောင် စီစဉ်ခဲ့ကြပါတယ်။
သမ္မတဟောင်းအိုဘားမား ဦးဆောင်ပြီး ၂ဝ၁၆ က မဲမပေးခဲ့သူတွေ အားလုံးမဲပေးအောင် လှုံ့ဆော်ခဲ့သလို သူကိုယ်တိုင်လည်း စာတိုက်ကနေ မဲထည့်ပုံကို Online ကနေ သေချာရှင်းပြခဲ့ပါတယ်။ ဒါကြောင့် သန်းနဲ့ချီတဲ့ စာတိုက်ကမဲတွေဟာ ဒီမိုကရက်ဘက်ကို ပေးတဲ့မဲတွေဖြစ်နေပါတယ်။ ဒါ့အပြင် ကြိုတင်မဲပေးလို့ရတဲ့ ၁၅ ရက်အတွင်းမှာလည်း မဲရုံတွေအပြင်မှာ လူတန်းကြီးက မိုင်ချီရှည်လျားစွာမဲပေးခဲ့ကြပါတယ်။ အများစုက ဒီမိုကရက်မဲတွေပါပဲ။
ဒီလို ကြိုတင်မဲတွေများပြားလှတာကြောင့် ပြည်နယ်တွေက ရွေးကောက်ပွဲတာဝန်ရှိသူတွေက ဒီကြိုတင်မဲတွေကို ရွေးကောက်ပွဲနေ့မတိုင်ခင် ကြိုတင်ပြီးရေတွက်ထားဖို့ တင်ပြခဲ့ပါသေးတယ်။ ဒါပေမယ့် ထရမ့်နဲ့ ရီပတ်ဘလီကန်တွေက ပိတ်ပင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကြိုရေထားရင် ဘိုင်ဒန်က ပြည်နယ်အများစုမှာ မဲသန်းချီအသာရနေမယ်။ ရွေးကောက်ပွဲနေ့ကျ ထရမ့်ရတဲ့ မဲတွေပေါင်းရင်တောင် မမီနိုင်လောက်တဲ့အတွက် အစကတည်းက ဘိုင်ဒန်က သာနေမယ်။ အဆုံးမှာလည်း နိုင်တယ်ဆိုရင် မဲမသာမှုလုပ်တယ်လို့ ပြောလို့မရနိုင်တဲ့အတွက်ပါပဲ။
ရွေးကောက်ပွဲနေ့
ရွေးကောက်ပွဲပြီးတဲ့ညမှာ မဲရေတွက်တဲ့အခါမှာတော့ အဲဒီနေ့မှာ မဲလာပေးတဲ့သူတွေရဲ့မဲကို အရင်ရေတွက်ကြတာဖြစ်လို့ ထရမ့်က အသာရနေပါတယ်။ အရင်နှစ်တွေကတော့ ကြိုတင်မဲတွေက သောင်းဂဏန်း၊ သိန်းဂဏန်းလောက်ပဲရှိလို့ ရွေးကောက်ပွဲနေ့က မဲရလဒ်ကို အပြောင်းအလဲမဖြစ်စေနိုင်ပါဘူး။ ဒီနှစ်မှာတော့ ရောက်ရှိလာတဲ့ ကြိုတင်မဲတွေက သန်းနဲ့ချီရှိနေတာဖြစ်လို့ ရလဒ်ကိုပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့်ပဲ ရုပ်ပျက်ဆင်းပျက်အဖြစ်တွေ စတင်ဖြစ်ပွားတော့တာပါပဲ။
မဲအကုန်ရေရင် ရှုံးမယ်ဆိုတာ သိနေတဲ့အတွက် ညသန်းခေါင်ချိန်မှာ ထရမ့်က သူအသာရနေတုန်းမှာ သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။ သူနိုင်နေပြီ။ မဲရေတာ ရပ်လိုက်ပါလို့ ပြောခဲ့ပါတယ်။ ဒါကိုကြိုသိနေတဲ့ ဘိုင်ဒန်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။ သူကတော့ ဒီမိုကရေစီစနစ်မှာ မဲတစ်ပြားမကျန် အကုန်ရေတွက်ရတာဖြစ်ပြီး မဲပိုရသူက အနိုင်ရတာဖြစ်တယ်လို့ပြောကြားခဲ့ပြီး စိတ်ရှည်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါကြောင့် မဲဆက်ရေတွက်ရာမှာတော့ ဘိုင်ဒန်က အပြတ်အသတ်အနိုင်ရပြီး ထရမ့်က ရှုံးသွားခဲ့ပါတယ်။ ထရမ့်ကတော့ Twitter ကနေ "Stop the count." "I won election." ဆိုပြီး တစ်ချိန်လုံးရေးနေခဲ့ပေမယ့် သူ့အရှုံးကတော့ ပြင်ဆင်လို့မရနိုင်ပါဘူး။ ဒါကြောင့် မသိသူတွေကို အထင်မှားအောင် မဲမသာမှုရှိတယ်လို့ ပြောနေပေမယ့် အခုထိသက်သေတင်ပြနိုင်တာမရှိပါဘူး။ ထရမ့်ရဲ့ဝါဒကတော့ သူမဲနိုင်တဲ့နေရာမှာ မဲမှန်ပြီး သူရှုံးရင် မဲမမှန်ပါဘူးတဲ့။
ရွေးကောက်ပွဲရလဒ်ကို ပျက်ပြားအောင်ကြိုးစားခြင်း
ဒီနေရာမှာ ထရမ့်က သတင်းမှားတွေနဲ့ ဝါဒဖြန့်ခဲ့ပါတယ်။ သူပြောသလို မဲမသမာမှုရှိတာ၊ သေတဲ့သူ မဲပေးတာတွေကို သက်သေတစ်ခုမှ သေသေချာချာမတင်ပြနိုင်ခဲ့ပါဘူး။ ဒါကြောင့် သတင်းရလိုရငြား သတင်းပေးနိုင်ဖို့ Hot line တစ်ခုဖွင့်ခဲ့ပေမယ့် တစ်ပြည်လုံးက ဖုန်းဆက်ပြီးလှောင်ပြောင်ကြလို့ ပြန်ပိတ်ခဲ့ပါတယ်။ ဒီအခါမှာ သူက တရားရုံးတွေမှာ မဲရေတာရပ်ထားဖို့လျှောက်ပါတယ်။ ပယ်ချခံရတဲ့အခါ မဲပြန်ရေဖို့လျှောက်ပါတယ်။ ပြန်ရေတဲ့အခါမှာ ထပ်ရှုံးတော့လဲ သက်ဆိုင်ရာပြည်နယ်တွေကို ဘိုင်ဒန်အတွက် အနိုင်ရရှိကြောင်း လက်မှတ်ထုတ်မပေးဖို့ ကန့်ကွက်ပါတယ်။
နောက်ဆုံးကြိုးစားမှုကတော့ မီဂျီဂန်ပြည်နယ်အုပ်ချုပ်ရေးမှူးကို အိမ်ဖြူတော်ခေါ်တွေ့ပြီး ဘိုင်ဒန်အတွက် Electoral Votes ထုတ်မပေးဖို့ ပြောခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူးတွေကလည်း ပြည်သူ့မျက်နှာကြည့်ပြီး မလုပ်ပေးနိုင်ဘူးလို့ ပြောလိုက်တော့ အထိနာသွားခဲ့ပါတယ်။ တစ်ဖန် မဲ ၁ဝဝဝဝ ကျော်နဲ့ ဘိုင်ဒန်နိုင်ခဲ့တဲ့ ဂျော်ဂျီယာပြည်နယ်ကလည်း မဲပြန်ရေတွက်တာပြီးလို့ ဘိုင်ဒန်ပဲ နိုင်တယ်ဆိုပြီး လက်မှတ်ထုတ်ပေးလိုက်ပါတယ်။
ဘိုင်ဒန် မဲသိန်းချီအသာရနေတဲ့ ပင်ဆယ်ဗေးနီးယားမှာလည်း ဘိုင်ဒန်ကို အနိုင်ရကြောင်း လက်မှတ်ထုတ်မပေးဖို့ တရားရုံးကို ဦးတိုက်လျှောက်ခဲ့ပေမယ့် သက်သေမရှိလို့ တရားရုံးက ပယ်ချလိုက်ပါတယ်။ အဲဒီမှာတော့ ထရမ့်အတွက် ဒီရွေးကောက်ပွဲက ပြီးသွားခဲ့ပါပြီ။ Supreme Court ကလဲ သူ့ကိုကယ်တင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့်ပဲ အာဏာလွှဲပေးတဲ့လုပ်ငန်းစဉ်စတင်ဖို့ ခွင့်ပြုလိုက်ရပါတော့တယ်။
အာဏာလွှဲပြောင်းခြင်း
အမေရိကန်မှာ ရွေးကောက်ပွဲတွေကို နိုဝင်ဘာလဆန်းမှာ အမြဲလိုကျင်းပလေ့ရှိပါတယ်။ အနိုင်ရတဲ့ရွေးကောက်ခံသမ္မတဟာ နိုဝင်ဘာ ၂ဝ ရက်ကျော်တာနဲ့ သူ့ရဲ့အစိုးရအဖွဲ့ဝန်ကြီးတွေအမည်စာရင်းကို တင်သွင်းရပါတယ်။ အိုဘားမားတုန်းကလည်း ဒီလိုပဲဖြစ်သလို ထရမ့်တုန်းကလည်း ဒီအချိန်မှာ အမည်စာရင်းကြေညာလို့တောင် ပြီးနေပါပြီ။ အဲဒီလိုတင်သွင်းလိုက်တဲ့ဝန်ကြီးတွေကို လွှတ်တော်မှာကြားနာပြီး အတည်ပြုပြီးမှ တရားဝင်ဖြစ်ပါတယ်။
ဒီလိုကြားနာမှုလုပ်ဖို့၊ အတည်ပြုပြီးသွားရင် လက်ရှိဝန်ကြီးတွေဆီက လုပ်ငန်းတွေ၊ ငွေစာရင်းတွေ လက်လွှဲယူဖို့လုပ်ရတာမို့ သမ္မတအသစ်တက်လာမယ့် ဇန်နဝါရီ ၂၁ ရက်အတွင်းမှာ ပြီးဖို့တောင်ခက်ပါတယ်။ ဒါကြောင့်မို့ အစိုးရယန္တရားရပ်တန့်မနေအောင် အမေရိကန်မှာ ရွေးကောက်ခံသမ္မတက နိုဝင်ဘာ ၂ဝ ကျော်ရင် အစိုးရအဖွဲ့လူစာရင်းတင်သွင်းရတာ ထုံးစံပါပဲ။ ဘိုင်ဒန်ကလည်း လုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်ရတာပါ။
ထရမ့်က ၁၅ ရက်ကျော်ကြာ အာဏာလွှဲပြောင်းဖို့မစတင်ဘဲ ညစ်ထားခဲ့ပါတယ်။ ပုံမှန်အားဖြင့် ရွေးကောက်ခံသမ္မတဟာ ရွေးကောက်ခံလို့ အနိုင်ရပြီးတာနဲ့ ထောက်လှမ်းရေးက နေ့စဉ်တစ်ကမ္ဘာလုံးနဲ့ပတ်သက်တဲ့ သတင်းတင်ပြမှုကို လက်ခံရပါတယ်။ ထရမ့်ကတော့ ဘိုင်ဒန်ဆီ သတင်းတင်ပြခွင့်ကို ပိတ်ထားခဲ့ပါတယ်။ ထို့အတူ နိုင်ငံတကာခေါင်းဆောင်တွေဆီကပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာတွေကလည်း နိုင်ငံခြားရေးရုံးမှာပုံနေပြီး ဘိုင်ဒန်ဆီ ရောက်မလာပါဘူး။ ပိုဆိုးတာက အရေးအကြီးဆုံးဖြစ်တဲ့ အာဏာလွှဲပြောင်းရေးလုပ်ငန်းစတင်ဖို့ စီမံအုပ်ချုပ်ရေးဌာနက စာထုတ်ပြီး ရန်ပုံငွေထုတ်ပေးရပါတယ်။ အဲဒါကိုလည်း ထရမ့်က ပိတ်ထားခဲ့ပါတယ်။
အခုနောက်ဆုံးမှသာ ခွင့်ပြုပေးလိုက်ပြီဖြစ်လို့ ဘိုင်ဒန်ရဲ့အဖွဲ့က အိမ်ဖြူတော်ကိုလာပြီး လုပ်ငန်းတွေလွှဲယူဖို့၊ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပဖို့အပါအဝင် အထွေထွေအကြောင်းအရာတွေကို တရားဝင်စတင်လုပ်ကိုင်လို့ ရသွားပြီပဲဖြစ်ပါတယ်။ အင်မတန်ရှုပ်ထွေးလှတဲ့ ၂ဝ၂ဝ ပြည့်နှစ် အမေရိကန်ရွေးကောက်ပွဲကတော့ အခုအခါမှာတော့ ဆုံးခန်းတိုင်ပါပြီ။ ဘိုင်ဒန်က ဇန်နဝါရီ ၂၁ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုပြီး အမေရိကန်နိုင်ငံရဲ့ ၄၆ ယောက်မြောက် သမ္မတအဖြစ် စတင်တာဝန်ယူပါလိမ့်မယ်။ အငြင်းအခုံပေါင်းများစွာ၊ သတင်းမှား၊ သတင်းတုများစွာနဲ့ လူအများစု မျက်စိလည်ခဲ့ရတဲ့ ရွေးကောက်ပွဲကတော့ ပြည်ဖုံးကားချလိုက်ပြီပဲ ဖြစ်ပါတော့တယ်။

















