မန္တလေးတိုင်း ဆည်မြောင်းနှင့် ရေအသုံးချစီမံခန်ခွဲရေးဦးစီးဌာနအိတ်ဖွင့်တင်ဒါအနိုင်အရှုံး ဆုံးဖြတ်မှုတွင် အင်ဂျယ်နီယာကောင်စီ၏ မှတ်ချက်မပါရှိခြင်းကို ဆုံးဖြတ်ခဲ့မှုကြောင့် လုပ်ငန်းငယ်များ နစ်နာမှုများရှိခဲ့ကြောင်း ဆိုသည်။
တိုင်းဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်(သာမန်)ရံပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်း အိတ်ဖွင့်တင်ဒါ အနိုင်အရှုံးဆုံးဖြတ်မှုတွင်သတ်မှတ်စည်းကမ်းချက်တစ်ခုဖြစ်သည့် 'အင်ဂျင်နီယာကောင်စီ' ၏ မှတ်ချက်မပါသည့်အပေါ် အဓိက ထားဆုံးဖြတ်မှုကြောင့် SME လုပ်ငန်းရှင်ကုမ္ပဏီငယ်များနစ်နာခဲ့ကြောင်း သိရသည်။ အဆိုပါတင်ဒါခေါ်ပွဲကို မန္တလေးမြို့ ၂၆ လမ်း ၇ဝ/၇ဝ လမ်းကြားရှိဆည်မြောင်းရိပ်သာတွင် နိုဝင်ဘာ ၂၄ ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်သည်။
မြစ်သားမြို့ နဒီမာန်ကုမ္ပဏီ SME လုပ်ငန်းရှင် ဦးတင့်လွင်ဦးက ''ဝန်ကြီးဌာနညွှန်ကြားစာစည်းကမ်းချက် အင်ဂျင်နီယာကောင်စီမှတ်ချက်မပါလို့ ကျွန်တော်တင်ဒါရှုံးပါတယ်။ ကုမ္ပဏီအငယ်ဆို တော့ ဒီမှတ်ချက်ရဖို့မလွယ်ပါဘူး၊ နိုင်ငံတော်က SME တွေကို မြေတောင်မြှောက်ပေးလို့ ကျွန်တော်တို့ကြိုးစားခဲ့တယ်၊ အခြားလုပ်ငန်းတင်ဒါတွေ လျှောက်ဘူးတယ်။ဒီမှတ်ချက်မပါရင် အမှတ်လျှော့တာပဲရှိတယ်၊ ခုဟာ ဒါမပါလို့ မင်းတို့မရတာဆိုပြီး အပြတ်ဖြတ်လိုက်တာ၊ အစကတည်းက အဲဒါမပါရင်လျှောက်ခွင့်မရှိဘူးလို့ ထည့်ထားရင်၊ကျွန်တော်မလျှောက်ဘူး။ ခုတော့ အတော်နစ်နာပါတယ်''ဟု မြန်မာတိုင်းမ်သို့ပြောသည်။
တိုင်းအတွင်းရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ မြင်းခြံ၊ နွားထိုးကြီး၊ ငါန်းဇွန်၊ကျောက်ပတောင်း၊ ညောင်ဦး၊ မိထ္ထီလာ၊ ရမည်းသင်းမြို့နယ်များ၌ လုပ်ဆောင်ရမည့်လုပ်ငန်းတင်တင်ဒါ ၁၄ ခုရှိကြောင်း သိရသည်။ တင်ဒါအောင်မြင်နေကျကုမ္ပဏီကြီး ၁ဝ ခုသာ တင်ဒါအောင်ခဲ့ ကြောင်း၊ အဆိုပါကုမ္ပဏီများကိုသာ နိုဝင်ဘာ ၂၅ ရက်တွင်လုပ်ငန်းခွဲဝေမှုအတွက် တက်ရောက်ရန်ဖိတ်ကြားခံရပြီး မိမိတို့ရှုံးသူများတက်ရောက်ခွင့်မရသည့်အတွက် အခွင့်အရေးဆုံးရှုံးရကြောင်း မြင်းခြံမြို့ 'ရွှေခြံမြင့်မိုရ်'ကုမ္ပဏီလုပ်ငန်းရှင်ဦးအောင်နိုင်ဝင်းက မြန်မာတိုင်းမ်သို့ ပြောသည်။
''အရင်က တင်ဒါတွေဝင်ဖူးတယ်၊ လုပ်ငန်း ၁ဝ ခုရှိတယ်၊ ၁၂ ဦးဝင်ပြိုင်တယ်ဆိုပါစို့၊ရှစ်ဦးနိုင်ပြီး လေးဦးရှုံးတယ်ဆိုရင်၊ ကျန်တဲ့လုပ်ငန်းနှစ်ခုကို ရှုံးတဲ့လေးဦး မဲနှိုက်ပြီးခွဲပေးတယ်။မျှတတော့ အားလုံးက ကျေနပ်တယ်။ ခုဟာကတော့ ရှုံးတဲ့သူတွေ တစ်ခါထဲဖြတ်ချပြီးနိုင်တဲ့ ၁ဝ ဦးကသာ အဲဒီလုပ်ငန်း ၁၄ ခုခွဲယူကြမှာဆိုတော့ ရှုံးတဲ့သူအများစုကလည်းအင်ဂျင်နီယာကောင်စီမှတ်ချက်မပါလို့ပါ၊ အဲဒါကို ဝန်ကြီးဌာနအ နေနဲ့ ဖြေလျော့ပေးစေချင်ပါတယ်၊ ဒါဆို မျှတတဲ့ယှဉ်ပြိုင်မှုဖြစ်မှာပါ''ဟု ဦးအောင်နိုင်ဝင်းမှ ထပ်မံရှင်းပြသည်။
အဆိုပါတင်ဒါခေါ်ပွဲသို့ ကုမ္ပဏီပေါင်း ၂၉ ခုဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ၊ ၁၉ ဦးမှာရှုံးနိမ့်ခဲ့ကြောင်း၊ ရှုံးနိမ့်သူများမှာ တင်ဒါစည်းကမ်းချက်များဖြစ်သည့် အင်ဂျင်နီယာကောင်စီမှတ်ချက်မပါရှိခြင်း၊ ကုမ္ပဏီသက်တမ်း ကုန်လွန်ခြင်း၊ အခွန်ကင်းရှင်းခွင့်လက်မှတ် မပါရှိခြင်း၊ ကုန်ကျမည့်တွက်ချက်မှုမှတ်တမ်း မပါရှိများကြောင့် ဖြစ်ကြောင်း၊အဆိုပါအိတ်ဖွင့်တင်ဒါ အနိုင်အရှုံးထုတ်ပြန်ချက် မှတ်တမ်းများအရ သိရသည်။

















