ဆစ်ဒနီ နိုဝင်ဘာ ၂၇ - သြစတြေးလျနိုင်ငံ၏ ရောဂါကူးစက်မှုဗဟိုချက်မဖြစ်သော ဗစ်တိုးရီးယားပြည်နယ်၌ နိုဝင်ဘာ ၂၇ ရက်တွင် COVID-19 ကူးစက်သူသစ် ၂၈ ရက်ဆက်တိုက် မရှိခဲ့ခြင်းကြောင့် ဗိုင်းရပ်စ်အား ပြည်တွင်းမှ အပြီးတိုင် ချေမှုန်းနိုင်သည့်အခြေအနေသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ယခုသီတင်းပတ်တွင် COVID-19 ရောဂါသက်သာလာပြီး ဆေးရုံမှ လူနာတချို့ ဆင်းခဲ့ရပြီးနောက် COVID-19 လူနာလည်း ကင်းစင်သွားပြီဖြစ်ကြောင်း သိရသည်။ ဗစ်တိုးရီးယားပြည်နယ်တွင် သြဂုတ်လ၌ တစ်ရက်အတွင်း ကူးစက်သူသစ် ၇၀၀ ကျော်ရှိခဲ့ရာမှ လက်ရှိအချိန်တွင် ရာနှုန်းပြည့်ကင်းစင်သွားပြီဖြစ်သည်။
လူဦးရေ ငါးသန်းကျော်နေထိုင်သည့် မဲလ်ဘုန်းမြို့ရှိ အိမ်ထောင်စုများကို အသွားအလာကန့်သတ်ခြင်းများ ဆောင်ရွက်ပြီး ရက်ပေါင်း ၁၀၀ ကျော်အကြာတွင် ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
မတ်လမှ စတင်ချမှတ်သော ကူးသန်းသွားလာမှုဆိုင်ရာ ပိတ်ပင်ချက်များကြောင့် သြစတြေးလျ၏ စီးပွားရေးသည် ဇွန်လအကုန်တွင် ၇ ရာခိုင်နှုန်းခန့် ကျုံ့သွားခဲ့ပြီး ၁၉၅၉ ခုနှစ်ပြီးနောက် အဆိုးရွားဆုံး စီးပွားရေးကျုံ့ဝင်မှု ဖြစ်ခဲ့ရသည်။
နယ်စပ်ဝင်ပေါက်များပိတ်လိုက်သည့်အတွက် အလုပ်လက်မဲ့နှုန်းမှာ ၂၂ အတွင်း ၇ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်မားလာခဲ့သည်။ သြစတြေးလျနိုင်ငံတွင် COVID-19 ကူးစက်သူ ၂၈၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၉၀၅ ဦးရှိ သည်။ ယင်းတို့အထဲမှ ၉၀ ရာခိုင်နှုန်းမှာ ဗစ်တိုးရီးယားပြည်နယ်မှဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

















