ချန်နိုင်း နိုဝင်ဘာ ၂၇ - နိုဝင်ဘာ ၂၅ ရက်၌ အိန္ဒိယနိုင်ငံတောင်ပိုင်းကမ်းရိုးတမ်းသို့ အင်အားပြင်းမုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် လူငါးဦးသေဆုံးခဲ့ကာ သစ်ပင်ကြီးများလဲပြိုပြီး လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်မှုဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။
ဆိုင်ကလုန်းမုန်တိုင်းနီဗာသည် တမီးလ်နာဒူပြည်နယ်တောင်ပိုင်းသို့ ဦးတည်တိုက်ခတ်ခဲ့ပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၃၀ ကီလိုမီတာ (၈၁ မိုင်) နှုန်းရှိကြောင်း မိုးလေဝသဦးစီးဌာနက နိုဝင်ဘာ ၂၆ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ချန်နိုင်းမြို့ရှိ လမ်းမများထက်၌ ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့သည်။ ချန်နိုင်းမြို့သည် အိန္ဒိယနိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်ရေး စက်မှုမြို့တော်ကြီးတစ်ခုလည်းဖြစ်သည်။
မုန်တိုင်းကြောင့် အနည်းဆုံး လူငါးဦးသေဆုံးခဲ့ပြီး သစ်ပင်ကြီးများ အမြစ်မှကျွတ်၍ပြိုလဲခြင်း၊ လျှပ်စစ်ဓာတ်အားပေးတိုင်များပြိုလဲခြင်း၊ လျှပ်စစ်ဓာတ်ကြိုးများ ပြတ်တောက်ခြင်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင်မူ ဒေသဆိုင်ရာအာဏာပိုင်များနှင့် တာဝန်ရှိသူများက ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
မုန်တိုင်းတိုက်ခတ်မှုအား ကြိုတင်သိရှိသဖြင့် ကာကွယ်ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းကြောင့် ပျက်စီးဆုံးရှုံးထိခိုက်မှု နည်းပါးခဲ့ပြီး ၂၀၁၅ ခုနှစ်က တိုက်ခတ်ခဲ့သော မုန်တိုင်းတွင် လူပေါင်းရာချီသေဆုံးမှုနှင့် နှိုင်းယှဉ်ပါက မဆိုးရွားကြောင်း ဈေးဆိုင်ရောင်းချသူဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

















