ဂျကာတာ နိုဝင်ဘာ ၂၇ - ပြည်သူများ၏ ဘဏ္ဍာငွေများကို အကျင့်ပျက်ခြစားခဲ့သည့်အတွက် အပြစ်ရှိကြောင်း အင်ဒိုနီးရှား ရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီး ပရာဝိုဘိုက နိုဝင်ဘာ ၂၆ ရက်၌ တောင်းပန်စကား ပြောကြားခဲ့သည်။
ဝန်ကြီးပရာဝိုနှင့် ဇနီးသည်တို့သည် အမေရိကသို့ အလုပ်သဘောခရီး အလည်အပတ်သွားရောက်ခဲ့ပြီးနောက် အင်ဒိုနီးရှားသို့ နိုဝင်ဘာ ၂၅ ရက်၌ ပြန်လည်ရောက်ရှိလာချိန်တွင် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်မှ အရာရှိများက ထိန်းသိမ်းခံလိုက်ရခြင်းဖြစ်သည်။
ဝန်ကြီးသည် အမေရိကတွင် ၎င်းတို့အတွက် အဖိုးတန်ပစ္စည်းများကို စိတ်တိုင်းကျဝယ်ယူခဲ့ကြောင်း စွပ်စွဲခံထားရသည်။ ‘‘ကျွန်တော်လုပ်ခဲ့တာတွေအတွက် ကျွန်တော့်မှာ တာဝန်အပြည့်ရှိပါတယ်’’ ဟု ဝန်ကြီးပရာဝိုဘိုက တောင်းပန်စကားဆိုခဲ့သည်။
ယခုနှစ်အတွင်း ပုစွန်သားပေါက်တင်ပို့မှုကဏ္ဍတွင် ၎င်းနှင့်အတူ အကျင့်ပျက်ခြစားမှုရှိခဲ့သည့် အခြားအဆင့်အရာရှိငါးဦးနှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း အာဏာပိုင်များ၏ ပြောဆိုချက်အရ သိရသည်။
ဝန်ကြီးအဆင့်ရှိသူတစ်ဦးအား ပြတ်သားရဲရင့်စွာဖြင့် အပြစ်ပေးရန်လုပ်ဆောင်သည့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဆုံးဖြတ်ချက်ကို လေးစားကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့သည်။
‘‘အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ လုပ်ရပ်တွေဟာ လွတ်လပ်ပြီးပွင့်လင်းမြင်သာမှုရှိသလို ပညာသားပါတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကြိုးစားအားထုတ်မှုတွေအတွက် အစိုးရက စဉ်ဆက်မပြတ်အထောက်အကူပေးရမယ်’’ ဟု ဝီဒိုဒိုက ပြောကြားခဲ့သည်။

















